Connect with us

Agriculture

မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသော ဒေသမျိုးရင်း သီးပင်၊စားပင် မျိုးစိတ်များအား မျိုးစေ့ဘဏ်သို့ လာရောက်လှူဒါန်းရန်ဖိတ်ခေါ်

လယ်ထွန်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးရှိနေသော သီးပင်၊ စားပင်ဒေသမျိုးရင်းမျိုးစိတ်များစွာရှိကြောင်း၊ ထို့ကြောင့် မိမိဒေသရှိ ရှားပါးမျိုးစေ့(သို့မဟုတ်) အပင်ကိုင်းများအား မျိုးစေ့ဘဏ်သို့ လှူဒါန်းနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဘဏ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမင်းစံသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။

“ပြန်လည်စိုက်ပျိုးလို့ရနိုင်တဲ့ မျိုးစေ့အမျိုးမျိုး၊ ပင်ပိုင်းမျိုးပွားနိုင်သည့် မည်သည့်မျိုးမဆို အားလုံးပေးပို့လို့ရပါတယ်။ စားသုံး၊ဆေးဖက်ဝင်၊ အလှပင် ဘယ်အပင်ပဲဖြစ်ဖြစ် မိမိတို့ဒေသမှာ အရင်ကရှိပြီးအခုချိန်မှာ ရှားပါးလာပြီးပျောက်လုဆဲဆဲ အပင်အမျိုးမျိုး ကို ဈေးကွက်မရှိလို့ မစိုက်တော့ရင်လည်း မျိုးစေ့ဘဏ်ကိုလှူဒါန်းလို့ရပါတယ်။ ဥပမာ-ဒေသစပါးများ၊ ဒေသကြက်ဟင်းခါး ခေါ် ဟင်းငပေါင်းသီး၊ သဘွတ်ချို တွေဆိုရှားပါးလာတာတွေ့ရတယ်။ ဒါတွေကိုလှူရင် ကျွန်တော်တို့မျိုးစေ့ဘဏ်မှာ ထိန်းသိမ်းထားပေးမှာဖြစ်ပါတယ်’’ ဟု၎င်း ကဖြည့်စွက်ပြောကြားသည်။

၁၉၉၀ ခုနှစ်တွင် မျိုးစေ့ဘဏ်ကိုနေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝင်း၌ တည်ဆောက်ခဲ့ကြောင်း၊ အချို့မျိုးစေ့များကို (-5°C) ၌ ၂၅နှစ်ထိန်းသိမ်းနိုင်ပြီး၊ အခြားမျိုးများ (ဥပမာ-ငှက်ပျော၊ သရက်) များကိုကွင်း၌ စိုက်ပျိုး၍ ထိန်းသိမ်းလျက်ရှိကြောင်း၊ မျိုးစုဆောင်းခြင်းလုပ်ငန်းကို ၁၉၉၈ မှ ၂၀၁၉ အထိနှစ်စဉ် ဆောင်ရွက်ခဲ့သော်လည်း မသွားရောက်နိုင်သည့် နေရာဒေသများစွာ ကျန်ရှိနေသေးကြောင်း၊ ယခုနှစ်တွင် COVID-19အခြေအနေကြောင့် သွားရောက်စုဆောင်းနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြည်သူများအားလုံး ရဲ့အမွေအနှစ်များဖြစ်တဲ့အပင်ဗီဇ အရင်းအမြစ်များကိုစုဆောင်းပေးပို့ရန် မေတ္တာရပ်ခံ အကူအညီတောင်းခံ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးစေ့ဘဏ်မှာ ထိန်းသိမ်းထားရှိပြီး အနာဂတ်နောင်လာနောက်သားများ အသုံးချရန်ဖြစ်ပါတယ်’’ ဟု ဒေါက်တာမင်းစံသိန်းက ဆက်ပြောသည်။

ဒေသမူရင်းမျိုးများသည် မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိပြီး ဓာတ်မြေဩဇာ စားသုံးမှုနည်းခြင်း၊ ပိုးမွှားရောဂါအတွက် ဓာတုဗေဒဆေးများသုံးစွဲရမှုနည်းပါးခြင်း၊ အချို့မျိုး များသည် အာဟာရဓာတ်ပိုမိုကြွယ်ဝပြီး ဆေးဖက်ပိုဝင်ခြင်းစသည့် အားသာချက်များ ရှိနိုင်ကြောင်း၊ ပိုးမွှားရောဂါ ရာသီဥတုဒဏ်ပိုမိုခံနိုင်သဖြင့် အနာဂတ်မွေးမြူထုတ်လုပ်ရေးတွင်ကောင်းသောဗီဇလက္ခဏာ များကို အသုံးချနိုင်ကြောင်း၊ အခြားအားသာချက်များလည်းရှိနိုင်ကြောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်သွားပြီးဖြစ်သည့် အပင်မျိုးများ များစွာရှိနိုင်ကြောင်း၊ နောင်ပျောက်ကွယ်မသွားအောင် ယနေ့စတင်စုဆောင်းသင့်ကြောင်း ဆိုသည်။

အပင်ဗီဇအရင်းအမြစ်များ အထူးသဖြင့်လျစ်လျူရှုခံနေရသော အပင်မျိုးများ၊ အသုံးနည်း နေသေးသည့် သီးနှံဗီဇအရင်းအမြစ်မျိုးစိတ်များ(Neglected and Underutilized Species) သည်အနာဂတ်တွင် တန်ဖိုးရှိလာမည့် “Future Smart Food” များဖြစ်လာနိုင်သောကြောင့် ပျောက်ကွယ်မသွားခင် အချိန်မီစုဆောင်း၍ ဤမျိုးစေ့ဘဏ်ကဲ့သို့ မျိုးထိန်းသိမ်းဌာနများသို့ ပေးပို့ခြင်းနှင့် မိမိအိမ်ခြံဝင်း၌ စိုက်ပျိုးထိန်းသိမ်းစားသုံးခြင်း၊ အိမ်နောက်ဖေးဈေးဆိုင်တည် ခြင်းအားဖြင့် အပင်ဗီဇအရင်းအမြစ် အမွေအနှစ်များကို ကယ်ဆယ်ထိန်းသိမ်းရာ ရောက်နိုင်ကြောင်း၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.