Connect with us

Agriculture

အပြည်ပြည်ဆိုင်ရာ အဆင့် သီးနှံ စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ ISO အသိအမှတ်ပြု ဓာတ်ခွဲခန်း နှစ်ခု ထပ်ဖွင့်မည်

နေပြည်တော်၊ ပျဉ်းမနားမြို့၌ တည်ဆောက်လျက်ရှိ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ ISO အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

သီးနှံ ဆိုင်ရာ နိုင်ငံတကာ အဆင့် အသိအမှတ်ပြု စံချိန်စံညွှန်း သတ်မှတ်ရေးအဖွဲ့ ISO ဓာတ်ခွဲခန်း နှစ်ခုကို ထပ်မံ ဖွင့်လှစ်နိုင်ရန် နေပြည်တော်နှင့် မန္တလေးတို့တွင် စီစဉ်လျက်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက မီဒီယာသို့ ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

“အပင်ထွက် ပစ္စည်းတွေမှာ ဓာတ်ကြွင်း အာနိသင် မပါအောင် စိစစ်ပေးတဲ့ လုပ်ငန်းတွေ၊ ပိုးသတ်ဆေး အရည်အသွေး စစ်ဆေးပေးတဲ့ လုပ်ငန်းတွေ လုပ်နိုင်ဖို့ နိုင်ငံတကာ အသိအမှတ်ပြု IOS တွေရဖို့ အတွက် ဒီ ဓာတ်ခွဲခန်းကို တည်ဆောက်ရတာပါ၊ မန္တလေးမှာလည်း အလားတူ တစ်ခု ဆောင်ဖို့ စီစဉ်နေပါပြီ၊ ပြည်ပပို့ကုန်တွေမှာ သီးနှံတွေရဲ့ ဓာတု ဓာတ်ကြွင်း ပါဝင်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ က စိစစ်ပေးနိုင်တယ်ဆိုတဲ့ အနေအထားတော့ ဖြစ်လာမယ်၊ ဇန်နဝါရီလောက်မှာ စပြီး အကောင် အထည် ဖော်နိုင်မယ်လို့ လျာထားပေမယ့် COVID-19 ကြောင့် လုပ်ငန်းတွေပြီးစီးတဲ့အပေါ် မူတည်ပြီး ရှေ့နှစ်ဆန်းပိုင်းလောက်မှ ဖြစ်နိုင်မယ်ထင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းပြခဲ့သည်။

ယခုတည်ဆောက်လျက်ရှိသည့် ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းတွင် ပိုးမွှားရောဂါ ဆိုင်ရာများ၊ စိုက်ပျိုးရေး သွင်းအားစု တင်သွင်းတင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက် ထုတ်ပေး နိုင်ရေးအတွက် လိုအပ်သော ဓာတ်ခွဲ အတည်ပြုခြင်း ဆိုင်ရာလုပ်ငန်းများ၊ ပြည်ပပို့ကုန်များတွင် ဓာတု ဓာတ်ကြွင်း ပါဝင်မှု စစ်ဆေးခြင်းဆိုင်ရာများ စသည့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တည်ဆောက် ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် အဆိုပါ ဓာတ်ခွဲခန်း တစ်ခု ရှိထားပြီး ဖြစ်၍ နေပြည်တော်နှင့် မန္တလေးတို့တွင် တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် သီးနှံဆိုင်ရာ ISO ထောက်ခံချက် ထုတ်ပေးနိုင်သည့် ဓာတ်ခွဲခန်း သုံးခု ရှိလာမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.