Connect with us

Environment, Disasters & Accidents

လာနီညာဖြစ်စဉ်သို့ ရောက်ရှိပြီဖြစ်၍ မြန်မာနိုင်ငံတွင် မုတ်သုံအလွန်ကာလများ၌ မိုးရွာသွန်းနိုင်ဟုဆို 

၂၀၁၈ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး ၌ မိုးအကြီးအကျယ်ရွာသွန်းပြီးနောက် တွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များ နှင့် လေထုအခြေအနေ ညွှန်းကိန်းများအရ  လာနီညာအဆင့်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် လာနီညာရာသီဥတုဖြစ်စဉ်အရ  မြန်မာနိုင်ငံ၌ မုတ်သုံအလွန်ကာလ များတွင်လည်း မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းကဆင်ဟွာသို့ အောက်တိုဘာ ၁ ရက် တွင်ပြောသည်။

“အနောက်တောင်မုတ်သုံလေ က စက်တင်ဘာ ၂၉ ရက် မှာ မြန်မာနိုင်ငံ အလယ်ပိုင်းက ထွက်တယ်။  အောက်တိုဘာ ၃ ရက် ကနေ ၈ ရက် အတွင်းက မြစ်ဝကျွန်းပေါ်ကနေ ထွက်နိုင်တယ်။ အောက်တိုဘာ ၉ ရက် ကနေ ၁၁ ရက်မှာ မြန်မာနိုင်ငံ တောင်ပိုင်းက ထွက်ခွာနိုင်တယ်။  အောက်တိုဘာလလယ် မှာ တစ်ပြည်လုံးက မုတ်သုံ ဆုတ်ပေမယ့် မိုးက ဆက်ရွာမယ့် အခြေအနေရှိတယ်။ လာနီညာ အခြေအနေကြောင့် မိုးလွန်ကာလ မိုးတွေ ကောင်းနိုင်သေးတယ်။ ဆောင်းရာသီ နဲ့ နွေရာသီတွေ မှာ လာနီညာ ရဲ့ သက်ရောက်မှု ကို ပိုပြီးသိသာနိုင်တယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အယ်နီညို ၊ လာနီညာ ရာသီဥတု ဆိုသည်မှာ မြန်မာနိုင်ငံ၏ အရှေ့ဘက်ရှိ ပစိဖိတ် သမုဒ္ဒရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် ဖြစ်ပြီး ယခင်က ၅ နှစ်မှ ၇ နှစ် တစ်ခါ ရေစီးကြောင်းများ အပြောင်းအလဲများ ဖြစ်ရာ ပစိဖိတ် သမုဒ္ဒရာ ရေပြင်တွင် အနောက်ဘက်မှ ရေနွေးများ အရှေ့ဘက် အထိ တိုးဝင် လွှမ်းမိုး သွားပါက ထိုနှစ်အား ရေနွေး လွှမ်းမိုးသည့်နှစ် အယ်နီညို ဟု ခေါ်ပြီး ယင်းနှင့် ဆန့်ကျင်ဘက် အဖြစ် အရှေ့ဘက်မှ ရေအေးများ အနောက်ဘက် အထိ ရောက်လာ လွှမ်းမိုးသွားပါက လာနီညာ နှစ်ဟု ခေါ်ကြောင်း သိရသည်။ လာနီညာ ရာသီဥတုသည် အချိန်အားဖြင့် တစ်နှစ် ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ ဧရိယာ အားဖြင့် ကျယ်ပြန့်ပြီး ပစိဖိတ် သမုဒ္ဒရာ ဒေသ တစ်ခုလုံး ဖြစ်ကြောင်း သိရသည်။

“လာနီညာဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာမှာဖြစ်တဲ့ဖြစ်စဉ်ဖြစ်ပေမယ့် လာနီညာရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတွေ ပိုဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် မုတ်သုံအလွန်မှာလည်း မိုးပိုများနိုင်ခြင်းဖြစ်တယ်’’ ဟု ၎င်းကရှင်းပြသည်။ 

လာနီညာ ဖြစ်စဉ်ကြောင့် ဆောင်းရာသီကာလ အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ် ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီ ကာလ အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါ မဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ကြုံတွေ့နိုင်ကြောင်း သိရသည်။  (Xinhua)