Connect with us

Environment, Disasters & Accidents

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ဆောင်းရာသီကာလအတွင်းမှာ လာနီညာရာသီဥတုဖြစ်နိုင်ခြေ တွေ့ရှိရ၊ ယခုနှစ်ဆောင်းရာသီက ပုံမှန်အအေးနှင့် ဆောင်းမိုးပိုနိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ဆောင်းရာသီကာလအတွင်းမှာ လာနီညာရာသီဥတုဖြစ်နိုင်ခြေအား တွေ့ရှိရ ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၌ ယခုနှစ် ဆောင်းရာသီသည် ပုံမှန်အအေးနှင့် ဆောင်းမိုးပိုနိုင်မည်ဟု သုံးသပ်ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၂၀ ရက်တွင်ပြောသည်။ဦးကျော်လွင်ဦးက “နိုင်ငံတကာက ရာသီဥတုမော်ဒယ်တွေရဲ့ခန့်မှန်းချက်တွေမှာလည်း ၂၀၂၁ နိုဝင်ဘာ – ၂၀၂၂ဖေဖေါ်ဝါရီ ဆောင်းရာသီကာလအတွင်းမှာ လာနီညာရာသီဥတုဖြစ်ဖို့အခြေအနေတွေတွေ့ရပါတယ်’’ ဟု ဦးကျော်လွင်ဦးက ပြောသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ ပုံမှန်အခြေအနေမှ လာနီညာအခြေအနေသို့ ကူးပြောင်းကာလရောက်ရှိနေကြောင်း၊ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ လာမည့်နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းယူဆကြာင်း၊ ယင်းလာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များလျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“အင်အားအသင့်အတင့်နဲ့ အားကောင်းတဲ့ အယ်နီညို၊ လာနီညာရာသီဖြစ်စဉ်တွေရှိတဲ့ နှစ်တွေမှာ မြန်မာ့ရာသီဥတုအခြေအနေ ဖောက်ပြန်မှု ပိုကြုံတွေ့ရပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ်သက်ရောက်မှုခြင်းလည်း မတူတာတွေ့ရပြီး မိုးများလွန်းခြင်း၊ မိုးခေါင်လွန်းခြင်းစတဲ့ လွန်ကဲတဲ့ မိုးလေဝသအခြေအနေ (Extreme Weather Events) တွေ အဖြစ်များတတ်ပါတယ်။ အယ်နီညို၊ လာနီညာရာသီဖြစ်စဉ်တွေက ၂ နှစ်တွဲပြီး ဖြစ်တတ်ပါတယ်။ ဒုတိယနှစ်မှာ ပိုပြီး သက်ရောက်မှုပိုများပါတယ်။ ဥပမာ- ၂၀၂၀-၂၀၂၁ မနှစ်ကလည်း အားအသင့်အတင့်ရှိတဲ့ လာနီညာဖြစ်ခဲ့တာပါ။ ၂၀၂၁ က မိုးလျော့တဲ့နှစ်ဖြစ်ပြီး ၂၀၂၁ ကတော့ မိုးသင့်တဲ့နှစ်လို့ ပြောလို့ရပါတယ်။ အညာဒေသအချို့က မြို့တွေမှာ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်ထက်တောင် ကျော်နေတာတွေ့ရပါတယ်’’ ဟု ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် နိုဝင်ဘာ မုန်တိုင်းမိုး၊ ဒီဇင်ဘာလအကုန်၊ နှစ်ကူးရက်များတွင် တစ်နိုင်ငံလုံး အချိန် သုံးရက်၊ လေးရက်လောက် မိုးစွေစေတတ်သော မိုးလေဝသအခြေအနေများကို သတိပြုသင့်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ထူးထူးခြားခြားအအေးပိုတာမျိုး အခုနောက်ပိုင်း မတွေ့ရဘဲ၊ အအေးပေါ့ညတွေပိုများလာတာသာတွေ့ရပါတယ်။ ဆောင်းရာသီကာလမှာ ပုံမှန်အားဖြင့် တစ်လမှာတစ်ကြိမ်လောက် အအေးပိုတဲ့ ကာလလေးတစ်ခု ဖြစ်ပါတယ်။ သုံးရက်မှ ငါးရက်လောက်ကြာပါတယ်၊ ဒီဇင်ဘာလ ဒုတိယပတ်ကနေ ဇန်နဝါရီလဒုတိယပတ်အထိကတော့ နေလမ်းကြောင်းတည့်မတ်မှုနဲ့ အဝေးဆုံးဆိုတော့ မြန်မာနိုင်ငံအတွက် အအေးဆုံးအချိန်ပါဘဲ။ ကုန်းမြင့်၊ တောင်တန်းဒေသတွေမှာ ဂဏန်းတစ်လုံးတည်းညအပူချိန်များ (Single Digit Night Temperature) ကိုရောက်ပြီး အချို့ဒေသမှာ ရေခဲမှတ်အထိရောက်ပါတယ်’’ ဟု ဦးကျော်လွင်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

#ဆောင်းရာသီ #လာနီညာ #ဆင်ဟွာ
#Winter #LaNina #Xinhua #Myanmar #XinhuaMyanmar