Connect with us

Education & Health

ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခု မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများ ဆေးတက္ကသိုလ် လျှောက်ထားနိုင်မည်

ရန်ကုန်ဆေးတက္ကသိုလ် (၁) အားတွေ့ရစဉ် (ဓာတ်ပုံ- ရန်ကုန်ဆေးတက္ကသိုလ် ၁ )

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုမှ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များ သို့ တက်ရောက်ရန် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၁ ရက်တွင် အတည်ပြုပြောကြားသည်။

နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၆ ခုဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်နှင့် ဝ ဒေသတို့မှ
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနေဖြင့် ဝင်ခွင့်လျှောက်ထားချိန်တွင်နိုင်ငံသားစိစစ် ရေးကတ်ပြားအမှတ် (နိုင်)၊ (ပြု)၊ (ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ကြောင်း၊ ယင်းသတ်မှတ်ထားသည့် ဒေသများတွင် အမြဲတမ်းနေထိုင်သူဖြစ်ရမည်ဖြစ်ပြီး၊ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ(မြန်မာစာ၊ အင်္ဂလိပ်စာ၊သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ) ဖြင့် အောင်မြသ်သူဖြစ်ရမည်ဖြစ်ကြောင်း၊ အခြေခံပညာသင်တန်း (အဌမတန်းမှ ဒသမတန်း) အထိ ယင်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၎င်းဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ဖြစ်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ သိရသည်။

နာဂအမျိုးသားပါတီ၊ ဗဟိုဥက္ကဋ္ဌ ဦးရှုမောင်က “အကျိုးသက်ရောက်မှုအနေနဲ့က က ကျွန်တော်တို့ဒေသတွေ မှာ ဆရာဝန် နဲ့ သူနာပြုတွေမှာ ဆရာဝန်က မရှိတာ ပိုများတယ်။ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဆရာ၊ဆရာမတွေ ရှိလာမယ်ဆိုရင် ကျွန်တော်တို့လို အမြဲတမ်းလိုအပ်နေတဲ့ နေရာတွေ အတွက် ကောင်းပါတယ်။ အခြားတစ်ဖက်ကတော့ အထူးအခွင့်အရေးအနေနဲ့ ခေါ်ထားတာဖြစ်တဲ့အတွက် ကျောင်းမှာ အရည်အချင်းပြည့်မီတဲ့ကျောင်းသူ၊ ကျောင်းသားတွေကြားမှာ သူ့ရဲ့ confident level ဘယ်လောက်ရှိမလဲ။ ဘာသာရပ်တွေ သင်ကြားတဲ့နေရာမှာ အဆင်ပြေနိုင်မလား ဆိုတာကတော့ impact တစ်ခုအနေနဲ့ စဉ်းစားရမယ့် အပိုင်းပေ့ါ’’ ဟု ဆင်ဟွာသို့ ယနေ့ဧပြီ ၂၁ ရက် တွင် ပြောကြားသည်။

ထိုကဲ့သို့ အထူးအခွင့်အရေးဖြင့် ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုခြင်းဖြစ်သည့်အတွက် တက်ရောက်ခွင့်ရရှိပြီး တက္ကသိုလ်သို့လာရောက်အပ်နှံပါက ဘွဲ့ရရှိပြီးသည့် အချိန်မှ မိမိဒေသတွင် နိုင်ငံ့ဝန်ထမ်း အဖြစ် အနည်းဆုံး ၅နှစ်၊ ဘွဲ့လွန်သင်တန်းတက်ရောက်အောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၅နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်ဟု သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီ/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဥက္ကဋ္ဌ (သို့မဟုတ်) သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်ရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားသည့် ကတိပြုဝန်ခံချက်အား တင်ပြရမည်ဖြစ်ကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မှ သိရသည်။

ဦးရှုမောင်က “နယ်စပ်ဒေသအားလုံးမှာ တူညီတဲ့ပြဿနာက ရှိနေတယ်။ ဒီဟာက issue တစ်ခုအနေနဲ့ နှစ်ပေါင်း များစွာကတည်းက ရှိခဲ့တဲ့အရာဖြစ်တဲ့အတွက် ဒီဟာကို ဖြေရှင်းလို့ ရတဲ့နည်းလမ်းမှန်သမျှ ကို ကျွန်တော်တို့က ကြိုဆိုပါတယ်’’ ဟု ပြောကြားသည်။ (Xinhua)