Connect with us

Environment, Disasters & Accidents

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဆောင်းခိုငှက်များနေရပ်ပြန်၊ လက်ရှိတွင် ဆောင်းခိုငှက်မျိုးစိတ် ၃၂ မျိုးကျန်ရှိ

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ သစ်ပင်တစ်ပင်၌ နားခိုနေသော ငှက်ကလေးများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ဆောင်းရာသီတွင် လာရောက်ခိုနားကြ သည့် ဆောင်းခိုငှက်များ လက်ရှိတွင် နေရပ်သို့ ပြန်လည်ပျံသန်းလျက်ရှိပြီး လက်ရှိတွင် ဆောင်းခိုငှက်မျိုးစိတ် ၃၂ မျိုးသာ ကျန်ရှိတော့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ဆင်ဟွာသို့ ယနေ့ ဧပြီ ၂၁ ရက်တွင်ပြောသည်။

ဒေါ်သင်းသင်းယု “ဆောင်းခိုငှက် လက်ကျန်တွေ က ဒီဧပြီလကုန်နဲ့ မေလ လောက်မှာ အားလုံးနီးပါးနေရပ်ကို ပြန်ကြမှာပါ။ ဌာနေငှက်တွေပဲ ကျန်ခဲ့မှာပါ’’ ဟု ပြောသည်။
ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ နောက်ဆုံးပတ်လောက်မှစတင်၍ လာရောက်ဆောင်းခိုလေ့ရှိပြီး နွေရာသီတွင် ၎င်းတို့၏ ဌာနေသို့ ပြန်လည်ပျံသန်းသွားကြောင်း သိရသည်။

“မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အနေနဲ့ ဆောင်းခိုငှက်တွေရော၊ ဌာနေငှက်တွေကိုရော ထိန်းသိမ်းရေးအနေနဲ့ ကင်းလှည့်ထိန်းသိမ်းရေးတွေဆောင်ရွက်ပါတယ်။နောက်တစ်ခုက ပညာပေးဟောပြောပွဲတွေ လုပ်ပါတယ်။ မိုးယွင်းကြီးအင်းဘေးမဲ့တောက မြန်မာနိုင်ငံရဲ့ ပထမဆုံး Ramsar Site ဖြစ်တယ်။ အဓိကအားဖြင့် ငှက်ကိုထိန်းသိမ်းတဲ့ဘေးမဲ့တောဖြစ်တယ်။ ဆောင်းခိုငှက်တွေက သူတို့ အတွက် အစာ ပေါများတဲ့ အတွက် လာရောက်ဆောင်းခိုကြတာဖြစ်တယ်။ ငှက်တွေကလည်း လူတွေရဲ့ စိုက်ခင်းတွေကို မဖျက်ဆီးဘူး။ လူတွေကို အကျိုးပြုတဲ့ငှက်တွေဖြစ်တယ်။ဘာလို့လဲဆိုတော့ စိုက်ခင်းထဲက ပိုးမွှားတွေကို သုတ်သင်ရှင်းလင်းလင်းပေးတာဖြစ်တယ်။’’ ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် မိုးယွင်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဆောင်းခိုငှက်မျိုးစိတ် ၃၂ မျိုး၊ အကောင်ရေ ၁၀,၀၀၀ ကျော်ကျန်ရှိပြီး၊ ဌာနေငှက် ၂၂ မျိုးနှင့် အကောင်ရေ ၁၅,၀၀၀ ရှိကြောင်း ၎င်းကဆိုသည်။ (Xinhua)