Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်မည်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ လေဆိပ်လမ်းတွင် သစ်ပင်လဲကျပြီး နေအိမ်ပေါ်သို့ ပိမိနေမှုကို ၂၀၂၃ ခုနှစ် ၊ မေ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department )

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်း မိုခါ (Mocha) သည် ပိုမိုနီးကပ်လာသဖြင့် ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းရှိ မြို့နယ်ခုနစ်မြို့နယ်အတွက် မုန်တိုင်းသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက ဆင်ဟွာသို့ ပြောသည်။
ဆိုင်ကလုန်း မိုခါ (Mocha) သည် မေ ၁၄ ရက်တွင် ရခိုင်ပြည်နယ် မြို့နယ်များသို့ တစ်နာရီ၁၁၀ မိုင်နှုန်းဖြင့် ဝင်ရောက်နိုင်ပြီး မုန်တိုင်းဒီရေမှာ ၁၆ ပေအထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေနှင်းဆီ(၁)လမ်းတွင် သစ်ပင်လဲကျပြီး နေအိမ်ပေါ်သို့ ပိမိနေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ဈေးဟောင်းလမ်းရှိ ပန်းပင်ချောင်သမ္မာန်ဆိပ်တွင် သစ်ပင်လဲကျပြီး ဓာတ်ကြိုးပေါ်သို့ ပိမိနေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်နိုင်သောကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်မှ မုန်တိုင်းဘေးရှောင်ရွှေ့ပြောင်းအိမ်ထောင်စုများအား ဘေးလွတ်ရာ (၄)မိုင်ရပ်ကွက် (အ.ထ.က) စာသင်ကျောင်းသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးနေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်နိုင်သောကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ (၄)မိုင်ရပ်ကွက်မှ မုန်တိုင်းဘေးရှောင်ရွှေ့ပြောင်းအိမ်ထောင်စုများအား ဘေးလွတ်ရာ (၄)မိုင်ရပ်ကွက် (အ.ထ.က) စာသင်ကျောင်းသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးနေမှုကို ၂၀၂၃ ခုနှစ်၊ မေ ၁၃ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Fire Service Department)

အနီရောင်သတိပေးချက်ထုတ်ပြန်ထားသည့် မြို့နယ်များမှာ ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ် ၊ ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးဖြစ်ပေါ် သောဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အပြင်းထန်ဆုံးဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ကြောင်း မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ သိရသည်။
“မြစ်တွေနဲ့ ချောင်းတွေ တစ်လျှောက်က ရွာတွေက ပြည်သူတွေကို အနီးဆုံး ဆိုင်ကလုန်းမုန်တိုင်းရှောင်စခန်းတွေ ဒါမှမဟုတ် ဘေးကင်းတဲ့နေရာတွေကို ပြောင်းရွှေ့ပေးဖို့ ပြောကြားထားပါတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ်၊ ဦးလှသိန်း ကပြောသည်။
ကမ်းရိုးတန်းဒေသရှိပြည်သူများအနေဖြင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းဒီရေတက်ခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိပြုရှောင်ရှားရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်း၊ လုပ်ငန်းလည်ပတ်မှု အချို့ကို ဆိုင်းငံ့ထားခြင်းနှင့် ရခိုင်ပြည်နယ်အတွင်း အန္တရာယ်ကျရောက်နိုင်သော ဒေသများရှိ နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“အရင်ရက်တွေက အရမ်းပူတဲ့ ရာသီဥတုကြောင့် ဒီအပတ်မှာ ကမ်းခြေကို အပန်းဖြေခရီးထွက်ဖို့ စီစဉ်ထားတယ်။ အခု မုန်တိုင်းကြောင့် နောက်တစ်ပတ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်”ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းကို ဝင်ရောက်မည်ကို သိရှိထားကြောင်း၊ သို့သော် ရခိုင်ဒေသသည် မကြာခဏ မုန်တိုင်းဝင်လေ့ရှိသောကြောင့် များစွာစိုးရိမ်မှုမရှိကြောင်း ရခိုင်ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။
“ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ရိက္ခာနဲ့ ရေတွေကို အစကတည်းက စုဆောင်းထားပါတယ်။ အန္တရာယ်များတဲ့ နေရာတွေမှာရှိတဲ့ ကျေးရွာ တွေက လူတွေကိုတော့ ဘေးကင်းရာကို ရွှေ့ပြောင်းပေးနေတာတွေရှိပါတယ်’’ ဟု အနီရောင်မြို့နယ်အဖြစ်သတ်မှတ်ခြင်း ခံထားရသော၊ မြေပုံမြို့နယ်၊ ကုက္ကိုလ်ရွာရှိ ရွာခံတစ်ဦးဖြစ်သူ ကိုမျိုးမြင့်ထွန်းက ဆင်ဟွာသို့ ပြောသည်။

မောင်တောမြို့တွင် နေထိုင်သော အသက် ၃၀ အရွယ်ရှိ ကိုအောင်ဆုပိုင်က “ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ရင်ဆိုင်ဖို့အတွက် အစားအစာ၊ ရေနဲ့ ဆေးဝါးတွေကို စုဆောင်းထားပါတယ်’’ဟု ဆင်ဟွာသို့ ပြောသည်။
ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အန္တရာယ်များသောနေရာများရှိ ထိခိုက်လွယ်သောအစုအဖွဲ့အတွင်း ပါဝင်သူများကို မုန်တိုင်းရှောင်စခန်းများ သို့မဟုတ် ဘေးကင်းသောနေရာများသို့ ရွှေ့ပြောင်းပေးထားကြောင်း ကိုအောင်ဆုပိုင်၏ ပြောကြားချက် အရသိရသည်။
ရခိုင်ပြည်နယ် တွင် မြို့နယ်စုစုပေါင်း ၁၇ မြို့နယ်ရှိပြီး ဆိုင်ကလုန်းမုန်တိုင်း ကယ်ဆယ်ရေးစခန်းပေါင်း ၅၇ ခုရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် ရခိုင်ပြည်နယ်အတွင်း အစားအစာ၊ သောက်သုံးရေနှင့် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်သည့် အဖွဲ့ ၁၀ ဖွဲ့နှင့် ယာဉ် ၁၁၂ စီး ဖြန့်ကျက်ချထားပြီး အရေးပေါ်အခြေအနေအတွက် နီးစပ်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
“အစိုးရက အသိပညာပေးတယ်။ လေဘေးသင့်ဒေသတွေက ပြည်သူတွေကိုလည်း မုန်တိုင်းရှောင်စခန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလို ဘေးကင်းရာကို ရွှေ့ပြောင်းထားပါတယ်” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဦးအေးမောင်က ဆင်ဟွာသို့ ပြောသည်။

ရခိုင်လူမျိုးများ အနေဖြင့် ယခင်က မုန်တိုင်း အများအပြား ကြုံတွေ့ခဲ့ရပြီး မုန်တိုင်းဒဏ် ခံစားရသည့် အတွေ့အကြုံရှိသောကြောင့် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသောဧရာဝတီတိုင်း ဒေသကြီးရှိ ပြည်သူများနှင့် မုန်တိုင်းရင်ဆိုင်ရသည့် အတွေ့အကြုံတွင် ကွာခြားမှုရှိကြောင်း ဒေါက်တာအေးမောင် ကဆိုသည်။

နာဂစ်ဒဏ်ခံစားခဲ့ရသော ဒေသရှိပြည်သူများ အနီရောင်သတိပေးချက်ထုတ်ပြန်ထားသည့်နေရာများတွင် ပါဝင်ခြင်းမရှိသော်လည်း ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ပြည်သူအချို့သည် မြောင်းမြမြို့အပါအဝင် မုန်တိုင်းရှောင်စခန်းများနှင့် ဘေးကင်းရာနေရာများသို့ ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် တချို့လူတွေက ဆိုင်ကလုန်း မိုခါကို စိတ်ပူပြီး မုန်တိုင်းကာလအတွင်း ဘေးကင်းတဲ့နေရာတွေမှာ နေထိုင်ချင်ကြတဲ့ သဘောရှိပါတယ်” ဟု မြောင်းမြမြို့ခံတစ်ဦးဖြစ်သူ ဦးဇော်ဖြိုးက ဆင်ဟွာသို့ ပြောသည်။

ယခုအခါ လူအများစုမှာ အင်တာနက်မှ သတင်းများကို ဖတ်ရှုနိုင်ပြီဖြစ်ပြီး ဆိုင်ကလုန်းမုန်တိုင်းသည် ဧရာဝတီတိုင်း ဒေသကြီးသို့ တိုက်ရိုက်ဝင်ရောက်မည် မဟုတ်ကြောင်း သိရှိလာကြသည်။ သို့သော် အချို့သောသူများသည် ၎င်းတို့၏ ထိခိုက်လွယ်သောအုပ်စုတွင်ပါဝင်သောမိသားစုဝင်များကို မုန်တိုင်းရှောင်စခန်းသို့မဟုတ် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

“နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သူတို့ မိသားစုဝင် အများစု သေဆုံးသွားတဲ့အတွက် သူတို့ရဲ့ စိတ်ဒဏ်ရာကို နားလည်ပါတယ်။ မြောင်းမြမြို့ရှိ မုန်တိုင်းရှောင်စခန်းဖြစ်သော မြောင်းမြမြို့ရှိ ဘုန်းကြီးကျောင်းတွင် မုန်တိုင်းရှောင်နေသူ ၅၀၀၀ဦးခန့်ရှိပါတယ်”ဟု ဦးဇော်ဖြိုးက ဖြည့်စွက်ပြောကြားသည်။
“ဆိုင်ကလုန်းမုန်တိုင်းက ကျွန်တော်တို့နေရာကို တိုက်ရိုက်မဝင်ဘူးလို့ သတင်းတွေမြင်ရပေမဲ့ သက်ကြီးရွယ်အိုတွေကို ဘုန်းကြီးကျောင်းကို ရွှေ့ပြောင်းပေးမှာပါ”ဟု နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဘိုကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အသက် ၃၁ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ခိုင်ဦးက ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ဘိုကလေးမြို့နယ်နှင့် လပွတ္တာမြို့နယ်များတွင် ပြေးဆွဲနေသည့် ကူးတို့လှေများကို မေလ ၉ ရက်မှစပြီး မိုခါမုန်တိုင်း မပြီးမချင်း ရပ်နားထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မယ့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို့နယ်တွေက ပြည်သူတွေအတွက် တကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ရန်ကုန်မှာကတော့ အပူချိန် သက်သာလာပါပြီ’’ ဟု ရန်ကုန်မြို့တွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ် ရှိ ကိုအောင်အောင် က ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြား၌ မိုးရွာသွန်းလျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)