Connect with us

Politics, Law & Military

မင်္ဂလာဒုံမြို့နယ်တွင် ၁၃၃. ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ သိမ်းဆည်း ရမိ

မင်္ဂလာဒုံ စက်မှုဇုန် (ဇေကမ္ဘာဝင်း) အတွင်းဖမ်းဆီး ရမိသည့် စိတ်ကြွ ရူးသွပ်ဆေးပြားများ (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇူလိုင်၂၈ ရက် (ဆင်ဟွာ)

မင်္ဂလာဒုံမြို့မရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် ဇူလိုင်လ ၂၆ ရက်က မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် (၆) လမ်းသွား လမ်းမပေါ်တွင် ယာဉ်အမှတ် 4G/—— တပ်ဆင်ထားသည့် KIA ကားအမျိုးအစား BONGO ကွန်တိန်နာဘောက် အဖြူရောင် ကိုယ်ပိုင် မော်တော်ယာဉ်မှ မြန်မာနိုင်ငံတွင် အများဆုံး စိတ်ကြွ ရူးသွပ်ဆေးပြားများကို ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

အဆိုပါကား အား မသင်္ကာဖွယ် တွေ့ရှိ၍ ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၆၇ သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁,၃၃၅,ဝဝဝ (၁၃၃.၅ ဘီလီယံ) ကို ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မှ ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ဝင်းဘိုက “ ကျွန်တော်တို့ ဒီကိစ္စ နဲ့ပတ်သက်ပြီး ဆက်လက် စုံစမ်းနေတုန်းပါပဲ။ လှည့်ကင်းကနေ မိတာပါ။ အရင်ကတော့ ဒီလောက်များများ မမိဖူးသေးပါဘူး။ လောလောဆယ်မှာတော့ မသင်္ကာတဲ့ တရားခံတွေကို ဆက်လက် စုံစမ်းနေဆဲပါပဲ။ ဒီသတင်းနဲ့ပတ်သက်ပြီး သေချာပြီဆိုရင် ကျွန်တော်တို့ တရားဝင် ပြောကြားမှာပါ’’ ဟု ယနေ့ နေ့လည်တွင် ဆင်ဟွာကို ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ တင်ဆောင်လာသော ကားမှာ KIA ကားအမျိုးအစား ဘွန်ဂိုကား ယာဉ်အမှတ် 4G /….. ၏အလုံပိတ်ကားပေါ်တွင် ပီနံအိတ် ၈၈ လုံးဖြင့် ထည့်ထားသော ပန်းရောင် မူးယစ်ဆေးပြားပေါင်း ၂၆၇ သိန်း ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံရဲစခန်းမှ စခန်းမှူး သိန်းအောင်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မင်္ဂလာဒုံ မြို့မ ရဲစခန်းမှ မူးယစ်(ပ) ၇/ ၂၀၁၅၊ မူးယစ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ (Xinhua)