Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံ လေယာဉ် ထုတ်လုပ်ရေး စက်ရုံများသို့ သွားရောက် လေ့လာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံရှိ လေယာဉ် ထုတ်လုပ်ရေး စက်ရုံများသို့ သွားရောက် လေ့လာနေစဉ် (ဓာတ်ပုံ- မြဝတီ Facebook)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံရှိ လေယာဉ် ထုတ်လုပ်ရေး စက်ရုံများသို့ သွားရောက် လေ့လာခဲ့ကြောင်း တပ်မတော်ပိုင် သတင်း ဌာနများတွင် ထုတ်ပြန်ထားသည်။

အဆိုပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် အိန္ဒိယနိုင်ငံ ဘန်ဂလို မြို့ရှိ လေယာဉ် ထုတ်လုပ်ရေး စက်ရုံများအတွင်း လှည့်လည် ကြည့်ရှု့ကာ Light Combat Helicopter Manufacturing (LCH) နှင့် HAWK Final Assembly တို့ကိုလည်း လေ့လာပြီး ခင်းကျင်း ပြသထားသော ယာဉ်များ၊ စက်ပစ္စည်းများနှင့် Electronic ပစ္စည်း များအား လေ့လာခဲ့သည်။

လေယာဉ် ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် တာဝန်ရှိသူများက Power Point များဖြင့် ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့သည် လေယာဉ် ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် သိလိုသည် များကို ပြန်လည် မေးမြန်းခဲ့သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ခု အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ယင်းခရီးစဉ်အတွင်း ဆွေးနွေး မည်ဖြစ်ပြီး မြန်မာ ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယ စစ်တပ် အကြီးအကဲ၊ အမျိုးသား လုံခြုံရေး အကြံပေးတို့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

မြန်မာနိုင်ငံက လက်နက်ဝယ်ယူရေး ကိစ္စများ၊ နှစ်နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေသည့် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော လက်နက်ကိုင် အဖွဲ့များကို နှိမ်နင်းရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနှင့် ကာကွယ်ရေး ဝန်ကြီး မန်နိုဟာ ပါရီကာတို့နှင့်လည်း အဆိုပါ ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း အိန္ဒိယတိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ရေ၊လေ) ပူးတွဲ စစ်ဦးစီးချုပ်နှင့် အိန္ဒိယ လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha. PVSM,AVSM, VM ၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၂၆ ရက်နေ့ က အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.