Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ ၉ ဆက်မြောက် သမ္မတ ဦးထင်ကျော်

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးထင်ကျော် အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

“ပြည်သူတွေရဲ့အောင်ပွဲပါ၊ အမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်ပွဲပါ” ဟု နိုင်ငံတော် သမ္မတ အဖြစ် ရွေးကောက်ခံခဲ့ရသော ဦးထင်ကျော်က ယနေ့ နေ့ခင်း သမ္မတရွေးကောက်ပွဲပြီးတွင် ပြောကြားခဲ့သည်။

ဦးထင်ကျော်အား မတ်လ ၁၅ ရက်နေ့ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

ထောက်ခံမဲ ၃၆၀ ဖြင့် ဦးထင်ကျော်သည် မြန်မာနိုင်ငံ သမ္မတဖြစ်ကြောင်း ယနေ့ နေ့လည် ၁၂နာရီ ၄၁မိနစ်တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာလိုက်သည်။

ဦးထင်ကျော်သည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ကြာလွန်ပြီးမှ အရပ်သား သမ္မတအဖြစ် ပြန်လည်တင်မြှောက်ခံခဲ့ရသူ ဖြစ်သည်။ သမ္မတရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်တွင် စတင်ခဲ့ကာ ၁၁ နာရီ ၈ မိနစ်တွင် ကိုယ်စားလှယ်များ ဆန္ဒမဲပေးမှု ပြီးဆုံး၍ ၁၂ နာရီ ၂၁ မိနစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တင်သွင်းသော ဦးထင်ကျော်ကို ထောက်ခံသော မဲရလဒ် ရေတွက်ပြီး ပြည်သူများ တောင့်တနေသည့် မဲအရေအတွက်ဖြင့် ၎င်းသမ္မတ ဖြစ်လာ ခဲ့သည်။

တပ်မတော်သားများ အစုအဖွဲ့မှ တင်သွင်းသော လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးမြင့်ဆွေ သည် ထောက်ခံမဲ ၂၁၃ မဲ ဖြင့် ဒုတိယ သမ္မတ (၁) ဖြစ်လာပြီး အမျိုးသားလွှတ်တော် အစုအဖွဲ့မှ တင်သွင်းသော ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ ကိုယ်စားလှယ် ဦးဟန်နရီဗန်ထီးယူသည် ထောက်ခံမဲ ၇၉ မဲဖြင့် ဒုတိယ သမ္မတ (၂) ဖြစ်လာသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ အပြောင်းအလဲ လိုလားသည့် ပြည်သူများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံကာ ရွေးချယ် မဲပေးမှုများကြောင့် NLDသည် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ကာ လွှတ်တော်တွင်း နေရာများစွာ ရခဲ့သည့်အပြင် အစိုးရတစ်ရပ် ဖွဲ့နိုင်သည့် အခြေအနေထိ ရောက်ရှိခဲ့သည်။
ပြည်သူများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သမ္မတ ဖြစ်စေလိုသော ဆန္ဒများ ပြင်းထန်နေသော်လည်း သူမသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) နှင့် ငြိစွန်းနေသဖြင့် သမ္မတရာထူး တာဝန် ထမ်းဆောင်နိုင်ခြေ မရှိဘဲ အရည်ချင်းရှိမှု သစ္စာတရားရှိမှု တို့ကို အခြေခံကာ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ နေရာများ အတွက် ရွေးချယ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ တင်သွင်းခဲ့သော ဦးထင်ကျော်ကို သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပြည်သူများ လေးစားကြည်ညိုသည့် ပညာတတ် ပုဂ္ဂိုလ် ဖြစ်ရမည်ဆိုသည့် မူ ၃ ချက်ဖြင့် ရွေးချယ်ခဲ့သည်။
ပြည်သူ့လွှတ်တော် အစုအဖွဲ့က တင်သွင်းသော ဒုတိယ သမ္မတလောင်း နှစ်ဦးဖြစ်ပေါ်မှုကို ပြည်သူ့လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဦးထင်ကျော်သည် ထောက်ခံမဲ ၂၇၄ ဖြင့် ဒေါက်တာ စိုင်းမောက်ခမ်းကို မဲအပြတ်အသတ်ဖြင့် အနိုင်ရကာ ဒုတိယ သမ္မတ ဖြစ်လာခဲ့သည်။
ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်ကို သမ္မတ နှင့် ဒုတိယ သမ္မတ များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းပြည့်စုံမှု ရှိမရှိ စစ်ဆေးရာတွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ ကိုယ်စားလှယ်ဖြစ်သည့် ရွေးချယ်စိစစ်ရေး အဖွဲ့ဝင် ဗိုလ်ချုပ်သန်းစိုးက ထောက်ခံ၊ ကန့်ကွက်ခြင်း မပြုခဲ့သော်လည်း ကျန် ရွေးချယ်ရေးအဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် သမ္မတလောင်း အရည်အချင်းနှင့် ပြည့်စုံကြောင်း ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ သေချာစဉ်းစားပြီး ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဦးထင်ကျော်ဟာ သမ္မတ တာဝန်ကို လုပ်ဆောင်နိုင်မှာပါ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
နိုင်ငံရေးနှင့် ပတ်သက်လျှင် ဦးထင်ကျော်၏ စိတ်သည် အဖြူထည် ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် အပြောင်းအလဲများစွာ လုပ်နိုင်ကြောင်း ဝါရင့် နိုင်ငံရေးသမားများက သုံးသပ်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက ဦးထင်ကျော်သည် ပညာတတ် ဖြစ်သည့်အတွက် အရည်အချင်း ရှိနိုင်ကြောင်း၊ နိုင်ငံတော်ကို ကောင်းစွာ အုပ်ချုပ်နိုင်မည် ဖြစ်ပြီး နိုင်ငံကောင်းရန်အတွက် USDP အနေဖြင့် လက်ရှိ ရွေးချယ်ခံ သမ္မတနှင့် ပူးပေါင်း လုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။
တပ်မတော်သား ကိုယ်စားလှယ်များမှ ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်သည့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ အနေဖြင့် ယခု ရွေးချယ် တင်မြှောက်ထားသော သမ္မတ ဦးထင်ကျော်နှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားနိုင်ကြောင်း ဦးလှဌေးဝင်းက သုံးသပ် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မူဝါဒနှင့် ဒေါ်ဆောင်ဆန်းစုကြည် အစဉ်တစိုက် လက်ကိုင်ထားသည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ကို ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထင်ကျော်သည် မလွဲမသွေ အကောင်ထည် ဖော်မည် ဖြစ်သည်။
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံရသော အသက် ၇၀ ရှိပြီ ဖြစ်သော ဦးထင်ကျော်သည် ကွမ်းခြံကုန်းမြို့ အမျိုးသား ဂန္တဝင် စာရေးဆရာကြီး မင်းသုဝဏ် (၁၉၉၀ ရွေးကောက်ပွဲ NLD ရွေးကောက်ခံ ကိုယ်စားလှယ်၊ ကမာရွတ်မြို့နယ်) နှင့် ဒေါ်ကြည်ကြည်တို့၏ ဒုတိယမြောက်သား ဖြစ်ပြီး ၎င်းအား ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။
၁၉၆၂ ခုနှစ် တွင် အထက (၁) ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံပညာ အထက်တန်း အောင်မြင်ကာ ၁၉၆၂-၆၃ တွင် ရန်ကုန်တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်ခဲ့ပြီး ၁၉၆၃ မှ ၆၈ ထိ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စာရင်းအင်း ပညာမဟာဘွဲ့ M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ် နည်းပြအဖြစ်လည်း အလုပ်ဝင်ခဲ့သည်။ ဦးထင်ကျော်သည် ၁၉၇၀ ခုနှစ်တွင် Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကာ ၁၉၇၁-၇၂ ခုနှစ်တွင် Institute of Computer Science, University of London ၌ ပညာသွားရောက် သင်ကြားခဲ့သည်။
၁၉၇၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလွင်၏ သမီးဖြစ်သူ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ – နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ၊ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) နှင့် လက်ထပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် Asia Electronics Union, Tokyo ၌ ကွန်ပျူတာပညာ လေ့လာဆည်းပူးခဲ့ပြီး ၁၉၇၄-၇၅ ခုနှစ်တွင် ရန်ကုန်၌ M.Sc Computer Science (RASU) ဘွဲ့ရခဲ့သည်။
အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာနတွင် ၁၉၇၅မှ ၁၉၈၀ ခုနှစ် အထိ ဌာနခွဲမှူး ဝင်လုပ်ခဲ့ပြီး ၁၉၈၀-၁၉၉၂ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူး အဖြစ် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန (FERD) ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်ခဲ့သည်။
၁၉၈၇ ခုနှစ်တွင် ၎င်းသည် Arthur D.Little, School of Management, Cambridge, Massachusetts တွင် ပညာသင်ယူခဲ့သည်။
၂၀၁၂ ခုနှစ်တွင် စတင်၍ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၌ အလုပ်အမှုဆောင် အဖွဲ့ဝင် (Executive Committee Member) အဖြစ် ယနေ့ချိန်ထိ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
“ဒလဘန်း”အမည်ဖြင့် ၎င်း၏ ဖခင် စာရေးဆရာ မင်းသုဝဏ်အကြောင်း ရေးသည့် “ အဘ ဘဝ အဘ အကြောင်း တစေ့တစောင်း” စာအုပ်ကို ဦးထင်ကျော် ရေးသားခဲ့သည်။
သမ္မတ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည် အနီးတွင် နှစ်ပေါင်းများစွာ သစ္စာကြီးစွာ နေထိုင်ပြီး ပံ့ပိုးသူကောင်း တစ်ဦးဖြစ်လာရင်း သူမကို ဝန်းရံမှု အတွက် လအနည်းငယ် ထောင်ကျခဲ့သည်။
သူသည် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ် အနီးတွင် အမြဲရှိပေးပြီး ပံ့ပိုးပေးသူ ဖြစ်သည်။ ဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်အတူ လူမှုရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် လုပ်ခဲ့သဖြင့် ပြည်သူလူထုနှင့် စိမ်းမနေကြောင်း NLD အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ဖြစ်စေချင်တာကတော အန်တီစုကိုပေါ့၊ ဦးထင်ကျော်ဆိုတော့လဲ ဝမ်းသာပါတယ်၊ သူလဲ တိုင်းပြည်အတွက် အများကြီးလုပ်နိုင်မှာပါ”ဟု ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောသည်။
သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ အသီးသီးက ရွေးချယ်ထားသည့် ဒုတိယသမ္မတ (၃) ဦးသည် သမ္မတလောင်း အရည်အချင်းများနှင့် ပြည့်စုံသူများ ဖြစ်ကြောင်း သမ္မတလောင်း အရည်အချင်း ရွေးချယ် စိစစ်ရေးအဖွဲ့က မတ်လ ၁၄ ရက်နေ့တွင် ဆုံးဖြတ်လိုက်ပြီး ယနေ့ သမ္မတ၊ ဒုတိယ သမ္မတများကို မဲခွဲ ဆုံးဖြတ်ခဲ့သည်။
ဦးထင်ကျော်သည် မတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ၉ ဆက်မြောက် သမ္မတ အဖြစ် ရွေးချယ် ခံခဲ့ရပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ အဖြစ် စဝ်ရွှေသိုက်သည် ၄.၁.၁၉၄၈ မှ ၁၂.၃.၁၉၅၂ ထိ၊ ဒေါက်တာဘဦး ၁၃.၃.၁၉၅၂ မှ ၁၂.၃.၁၉၅၇ ထိ၊ ဦးဝင်းမောင် (ခ) မန်းဝင်းမောင် ၁၃.၃.၁၉၅၇ မှ ၂.၃.၁၉၆၂ ထိ၊ ဦးနေဝင်း ၂.၃.၁၉၇၄ မှ ၉.၁၁.၁၉၈၁ ထိ ၊ ဦးစန်းယု ၉.၁၁.၁၉၈၁ မှ ၂၇.၇.၁၉၈၈ ထိ ၊ ဦးစိန်လွင် ၂၇.၇.၁၉၈၈ မှ ၁၂.၈.၁၉၈၈ ထိ ၊ ဒေါက်တာမောင်မောင် ၁၉.၈.၁၉၈၈ မှ ၁၈.၉.၁၉၈၈ ထိ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိ ၈ ဆက်မြောက် သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံအရ ရွေးကောက် တင်မြှောက်ခံရသော သမ္မတ ဖြစ်လာပြီး ၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ ထိ သမ္မတ တာဝန် ထမ်းဆောင်မည် ဖြစ်သည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်း၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက်တင်မြှောက်ခံရသော သမ္မတအဖြစ် ဦးထင်ကျော်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ နှင့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူတို့သည် သမ္မတ နှင့် ဒုတိယ သမ္မတများ အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး အစိုးရသစ် တစ်ရပ်ကို ဖွဲ့စည်းရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117