Connect with us

Politics, Law & Military

လူ့ အခွင့်အရေး ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၎င်း၏ လူ့အခွင့်အရေး အသိပညာပေး လုပ်ငန်းများကို တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ ကြောင်း ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“လူ့အခွင့်အရေး အသိပညာပေး လုပ်ငန်းတွေကို ဝေးလံ ခေါင်ဖျားဒေသတွေ ဖြစ်တဲ့ ပူတာအို၊ မချမ်းဘော၊ လေရှီး၊ လဟယ်၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာလေ၊ ကလေး၊ ကော့သောင်၊ ဟားခါး၊ အရှိတဲ့ မြို့များအပါအဝင် ၁၃၆ မြို့ကို သွားရောက်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ကော်မရှင် ဥက္ကဌက ပြောခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၈ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ် သက်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ လွှတ်တော် ကိုယ်စား လှယ်များ၏ ဝေဖန်ဆွေးနွေးမှုများအပေါ် ပြန်လည် ရှင်းလင်း ဖြေကြားရာတွင် ကော်မရှင် ဥက္ကဌ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်းမှာလည်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပအိုးဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နှင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများကို သွားရောက် ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ စုစုပေါင်း ၇၆ ဌာနတို့ကို လူ့အခွင့်အရေး အသိပညာပေးလုပ်ငန်းများ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အစိုးရအရာထမ်းများအတွက် အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း ၂၀၁၄ ခုနှစ်တွင် ပြည်နယ် ခုနစ်ခု၊ ၂၀၁၅ ခုနှစ်တွင် နေပြည်တော် ကောင်စီ အပါအဝင်တိုင်းဒေသကြီး ခုနစ်ခု၊ ၂၀၁၈ ခုနှစ်တွင် ခရိုင်အဆင့်ကိုးခုနှင့်် တစ်ဆက်စပ်တည်း ကလေးသူငယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ခြောက်ကြိမ်တို့ကိုပါ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အရပ်ဘက် အဖွဲ့အစည်းများကို လူ့အခွင့်အရေး ဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲများ အကြိမ် ၂၀ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေး ဝန်ကြီးဌာနများက ကျင်းပသော သင်တန်းများတွင် အလုပ်ရုံ ဆွေးနွေးပွဲများ ပို့ချနိုင်ခဲ့ကြောင်း လည်း ကော်မရှင် ဥက္ကဌက ပြောခဲ့သည်။

ထို့အပြင် လာမည့် ၂၀၂၀ရွေးကောက်ပွဲအတွက် ယခုထက် ပိုမို ထိရောက်သည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အစီအမံများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံသားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ဟောပြောပို့ချလျက်ရှိပါကြောင်း၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအစော်ကားခံရမှုများနှင့် ပတ်သက် သော ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာများကို သက်ဆိုင်ရာ ဦးစီးဌာနများသို့ ပေးပို့ခြင်း၊ ကွင်းဆင်း စုံစမ်း စစ်ဆေးခြင်းများ ဆောင်ရွက် ဖြေရှင်းလျက်ရှိကြောင်း၊ မုဒိမ်းမှု ဖြစ်ပွား ရခြင်း အတွက် ကော်မရှင်အနေဖြင့် သုတေသနစာတမ်းများ ပြုစုပြီး နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့တင်ပြနိုင်ရေး အတွက်ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ရရှိရေး တိုင်တန်းချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ ဆောင်ရွက်ပြီး ဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် အောင်မြင်မှု များ ရရှိခဲ့ကြောင်း ကော်မရှင် ဥက္ကဌက ရှင်းလင်း ဖြေကြားခဲ့သည်။(Xinhua)