Connect with us

Politics, Law & Military

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြည်လည် ရုပ်သိမ်းခြင်း ဥပဒေကြမ်း လွှတ်တော်၌ ဆက်လက် ဆွေးနွေးရန် ဆိုင်းငံ့

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုပေးရန် တင်သွင်းလာသော လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမှု မပြုဘဲ ဆိုင်းငံံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ယနေ့ ကြေညာလိုက်သည်။

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းနိုင်ရေးနှင့် စပ်လျဉ်၍ ဆက်လက်ဆောင်ရွက်ရန် သင့်မသင့်ကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် ရယူရန် အတွက် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

အဆိုပါ ဥပဒေကြမ်း အတည်ပြု ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန် သင့်မသင့် နှင့် ပတ်သက်ပြီး မဲခွဲ ဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ၅၂၄ ဦးထဲမှ ထောက်ခံမဲ ၂၆၄ မဲ ၊ ကန့်ကွက်မဲ ၂၃၅ မဲနှင့် ကြားနေမဲ ၁၂ မဲ ရရှိသဖြင့် ထောက်ခံမဲ များသောကြောင့် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် မဆွေးနွေးဘဲ ဆိုင်းငံ့ လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာလိုက်သည်။

ယင်းဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးရာတွင်လည်း အများစုသည် အဆိုပါ ဥပဒေကို တစ်ရာခိုင်နှုန်း ထောက်ခံလျှင် လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ဖြုတ်ချနိုင်မှုကို ထောက်ပြဝေဖန် ဆွေးနွေး ခဲ့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက Right to Recall ဥပဒေကြမ်းကို အမြန်ဆုံး ဆက်လက် ဆွေးနွေးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ဦးဝင်းဦးက ယင်းဥပဒေကို ဆောလျင်စွာ မလုပ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

“လွှတ်တော် ကိုယ်စားလှယ်တွေကို အလွယ်တကူ ဖြုတ်ပယ်နိုင်ရင် လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက် ဖြစ်နိုင်ပါတယ်” ဟု တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေး ခဲ့သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဆိုင်းငံ့လိုက်ခြင်းသည် ယခု လွှတ်တော် သက်တမ်းအတွင်းသာ ဆိုင်းငံ့လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြု ခိုင်းလာသည့် Right to Recall နှင့် ပတ်သက်ပြီး အလျင်စလို အတည်မပြုရန် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယမန်နေ့က ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ ပေးပို့ခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြုစုပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်တွင် လည်းကောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်တွင်လည်းကောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ပေးပို့ခဲ့သည်။ (Xinhua)