Connect with us

Politics, Law & Military

တပ်မတော်သားများ တင်သွင်းသော ဥပဒေကြမ်းတို့ကို တစ်ပေါင်းတည်း ဆောင်ရွက်မည်

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုး ရှင်းလင်း တင်ပြစဉ်။

နေပြည်တော်၊ နိုဝင်ဘာ ၂၀ရက် (ဆင်ဟွာ)

တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးတို့က ပြည်ထောင်စုလွှတ်တော်သို့ စက်တင်ဘာ ၂၀ ရက်နေ့တွင် တင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား ရှေ့ဦး တင်သွင်းထားသည့် ဒုတိယအကြိမ် ပြင်ဆင်သည့် ယခင် ဥပဒေ မူကြမ်း သုံးခုနှင့်  ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းလာမည့် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် တစ်ပြိုင် တည်း ယှဉ်တွဲ၍ ပြည့်စုံသော ပြင်ဆင်သည့် ဥပဒေမူကြမ်းများ အဖြစ် လွှတ်တော်သို့ တင်သွင်းနိုင် ရေး ဆောင်ရွက်သင့်ကြောင်း  ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဒေါက်တာ မြတ်ဉာဏစိုးက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ရှင်းလင်း တင်ပြခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း လေးခု ရောက်ရှိ နေပြီး ဖြစ်ပါတယ်၊ အဆိုပါ ဥပဒေကြမ်းများဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) တစ်ခုလုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဌာန်းချက်အချို့ကိုသာ ပြင်ဆင် ဆောင်ရွက်ရန် တင်ပြထားခြင်းဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါတယ်၊ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို  ပြင်ဆင်သည့် ဥပဒေ မူကြမ်းတစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ ဥပဒေမူကြမ်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုလုံးအပေါ် သုံးသပ် ပြင်ဆင် ဆောင် ရွက် ထားသည့် ပြင်ဆင်ချက်များ ပါဝင်လာမှာ ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါတယ်” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီလွှတ်တော်သို့ တင်သွင်းလာသည့်အချိန်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယ အကြိမ် ပြင်ဆင်သည့် ယခု ဥပဒေကြမ်း လေးခုတို့နှင့်အတူ သီးခြားစီ၊ တစ်ပြိုင်တည်း၊ ယှဉ်တွဲလျက် ပြင်ဆင်ချက် အားလုံးတို့ကို ပြည့်စုံစွာ စုစည်း၍ ဥပဒေ မူကြမ်း တစ်ခုတည်းအဖြစ် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးပြီး အဆုံးအဖြတ် ရယူပါက ပိုမို လျော်ကန် သင့်မြတ်ပါကြောင်းလည်း ၎င်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ယခုတင်ပြလာသော လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် နိုဝင်ဘာ ၂၅ ရက်ထက် နောက်မကျဘဲ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူး ချုပ်ရုံးသို့ အမည်စာရင်း ပေးသွင်းကြရန် လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

လွှတ်တော်သို့ ရောက်ရှိခဲ့သော ဥပဒေကြမ်းလေးခုတို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၁၉ တွင် ကျောင်းကုန်း မဲဆန္နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးတို့ တင်သွင်းခဲ့သည့် ဥပဒေကြမ်း၊ မိတ္ထီလာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတို့က ၂၀၁၉ မေလ ၂၉ ရက်တွင် တင်သွင်းခဲ့သည့် ဥပဒေကြမ်း၊ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးချုပ် မောင်မောင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက ၂၀၁၉ စက်တင်ဘာ ၁၇ ရက်တွင် တင်သွင်းခဲ့သည့် ဥပဒေကြမ်းနှင့် ၂၀၁၉ စက်တင်ဘာ ၁၇ ရက်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ်နှင့် လွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းခဲ့သည့် ယခု ဥပဒေကြမ်းတို့ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117