Connect with us

Politics, Law & Military

အမျိုးသား အဆင့် တိုင်ကြားမှု ယန္တရားကို တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်းမြင်သာမှုဖြင့် ဆောင်ရွက် သွားမည်ဟုဆို

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၆ ရက်(ဆင်ဟွာ)

အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး အတွက် အမျိုးသား အဆင့် တိုင်ကြားမှု ယန္တရားကို တာဝန် ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက စုပေါင်း ဆောင်ရွက်သွား မည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ကြိုင်က ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေး တွင် ပြောကြားခဲ့သည်။

“တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနအောက်ရှိ အလုပ်သမားရေးရာ ဆိုင်ရာ ဦးစီးဌာနများနှင့် အဖွဲ့များက တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးဌာနမှူးများ ပေါင်းစပ် ဆောင်ရွက်လျက် ရှိသည့် ဥပဒေရေးရာ အသိပညာပေး အဖွဲ့တွင် အလုပ် ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ထည့်သွင်း ဖွဲ့စည်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန အသီးသီးမှ အလုပ်သမားများအား အလုပ်သမားရေးရာ ဥပဒေများပါ ရပိုင်ခွင့်နှင့် တာဝန်များကို သေချာစွာ သိရှိ စေပြီး အဓမ္မခိုင်းစေမှုများ မဖြစ်ပွားစေရေး ပူးပေါင်း ဆောင်ရွက် သွားပါမယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း မေးမြန်းနေစဉ် (ဆင်ဟွာ)

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် ဖြေကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးထားသည့် အဓမ္မ လုပ်အား ခိုင်းစေမှု ပပျောက်ရေး ILO ပြဌာန်းချက် အမှတ် (၂၉) ကို အကောင်အထည်ဖော်မှုများနှင့် အမျိုးသား အဆင့် အဓမ္မ ခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism- NCM)တို့နှင့် ပတ်သက်ပြီး ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဓမ္မ လုပ်အား ခိုင်စေမှုများအတွက် တိုင်ကြားလိုပါက တိုင်ကြားသူအနေဖြင့် ယခင်က ILO မှ ဆက်သွယ်ရေး အရာရှိတစ်ဦးတည်း ထံသို့သာ တိုင်ကြားခွင့် ရရှိခဲ့ပြီး ယခုအခါ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရားကို စတင်လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာနများသို့လည်းကောင်း၊ အဓမ္မလုပ်သားခိုင်းစေမှု ပပျောက်ရေးအတွက် ဖွဲ့စည်းထားသော အမျိုးသား ကော်မတီသို့လည်းကောင်း၊ လွှတ်တော်များနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကဲ့ သို့သော အဖွဲ့အစည်းများသို့ လည်းကောင်း၊ နိုင်ငံတော် သမ္မတရုံးသို့ လည်းကောင်း တိုင်ကြားနိုင်ပါကြောင်း၊ ထိုအချက်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ မှစပြီး နိုင်ငံပိုင် ရုပ်သံများ၊ ရေဒီယိုနှင့် သတင်းစာများတွင် ထည့်သွင်းဖော်ပြထား ပြီးဖြစ် ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှု ယန္တရား အကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီကို ၂၀၁၉ ဒီဇင်ဘာ၂ ရက်နေ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန ၁၆ ခုနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့မှ ကိုယ်စားလှယ် ၂၆ ဦးတို့ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ အမျိုးသား အဆင့် တိုင်ကြားမှု ယန္တရား တွင် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ် ပါဝင် ဖွဲ့စည်း နိုင်ရန် လုပ်ထုံး လုပ်နည်းများနှင့် အညီ ပြင်ဆင် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ (Xinhua)