Connect with us

Politics, Law & Military

ရွှေလီ မြစ်ကူးတံတား (မန့်ဟီးရိုး)အား နယ်မြေ အေးချမ်းချိန်၌ တင်ပြ တည်ဆောက်မည်ဟု ဆို

ပြည်သူ့ လွှတ်တော် ဥက္က ဦးတီခွန်မြတ် အစည်းအဝေး ခန်မးအတွင်းသို့ ကြွရောက်လာစဉ် ( ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြစ် တစ်ဖက်ကမ်းရှိ မန့်ဟီးရိုးမြို့ရှိ ဖိုင်ကျောင်း-နောင်ဟင် ကူးတို့ ဆိပ် နေရာ၌ မြစ်ကူးတံတား တည်ဆောက်ရေးအတွက် အခြေအနေများ တည်ငြိမ် အေးချမ်း သွားပါက အစိုးရအဖွဲ့သို့ တင်ပြပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ကျော်လင်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

“လက်ရှိ အခြေအနေမှာ တရုတ်နိုင်ငံသို့ တစ်နေ့ ယာဉ် အစီး ၁၀၀ ခန့် ရွှေလီမြစ်ကို နောင်ဟင် ကူးတို့ဆိပ်ကနေ ဇက်ဖြင့် ဖြတ်ကူး သွားလာလျက် ရှိပါတယ်၊ ရွှေလီ မန့်ဟီးရိုး တံတား တည်ဆောက် ပြီးစီးချိန်တွင် တရားဝင် ဂိတ်ပေါက်များ ပိုလာမည် ဖြစ်သဖြင့် ဒေသခံပြည်သူများ အတွက် မူဆယ်မြို့တွင်းမှာ ယာဉ်ကြော ပိတ်ဆို့မှု နည်းပါးနိုင်ပြီး နယ်စပ် ကုန်သွယ်ရေးအတွက် ပိုမို အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်၊ သို့သော်လည်း ရွှေလီ မြစ်ကူး တံတားကို ယခု တည်ဆောက် ဖို့က နယ်မြေ အခြေအနေအရ မဖြစ်နိုင်သေးတဲ့ အတွက် နယ်မြေအခြေအနေ တည်ငြိမ် အေးချမ်းလာသည့် အချိန်တွင် တင်ပြ ဆောင်ရွက်သွားပါမယ်”  ဟု ဒုတိယ ဝန်ကြီးက ပြောဆိုခဲ့သည်။

မူဆယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးစိုင်းဖိုးမြတ်၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ၊ မန္တလေး-လားရှိုး-မြစ်ကြီးနားလမ်း မိုင်တိုင် အမှတ် (၂၉၈/၅) ဖိုင်ကျောင်းကျေးရွာမှ ခြောက်ဖာလုံအကွာတွင် ရှိသော ရွှေလီ မြစ်ကူးတံတား မန့်ဟီးရိုးသည် နောင်ဟင် ကူးတို့ ဆိပ်တွင် တည်ရှိကြောင်း၊ ရွှေလီမြစ်တစ်ဘက်ကမ်းတွင် မန့်ဟီးရိုးသို့ ဆက်သွယ်သော နောင်ဟင်-မန့်ဟီးရိုး လမ်း အရှည် နှစ်မိုင်သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက စီမံခန့်ခွဲသော လမ်း ဖြစ်ကြောင်း၊ နောင်ဟင် ကူးတို့ဆိပ်နေရာသည် နွေရာသီတွင် ရွှေလီမြစ်အကျယ် ပေ ၃၀၀ ခန့်၊ ရေအနက် ၈ ပေခန့်၊ မိုးရာသီတွင် မြစ်အကျယ် ၅၀၀ ပေခန့်၊ ရေအနက် ၁၅ ပေခန့် ရှိပြီး ရွှေလီ မြစ် တစ်ဘက်ကမ်းရှိ မန့်ဟီးရိုးမြို့၏ အကျယ်မှာ ၁၁ ဒသမ ၂၆ စတုရန်းမိုင် ရှိကာ ကျေးရွာ အုပ်စု လေးစု၊ အိမ်ထောင်စု ၁၅၁၀ စု၊ လူဦးရေ ၇,၈၀၅ ဦး နေထိုင်ကြောင်း၊ တံတား တည်ဆောက်ရန် လျာထားနေရာသည် နှစ်စဉ် ရေလမ်းကြောင်း အပြောင်းအလဲ ဖြစ်ပေါ်လေ့ရှိသည့် အတွက် တည်ဆောက်မည့် နေရာ၏ အထက်နှင့် အောက် တို့တွင် ရေလမ်းကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းများ အဆင့်မြှင့် ဆောင်ရွက်ရာတွင် လမ်းနယ် အကျယ် ရရှိရေးအတွက် လယ်ယာမြေနှင့် လူနေအိမ်များ နီးကပ်နေသောကြောင့် ဒေသခံများအား မြေယာလျော်ကြး ကိစ္စများ ဆောင်ရွက်ရန် လိုအပ်လာမည် ဖြစ်ကြောင်းလည်း ဖြည့်စွက် ရှင်းပြခဲ့သည်။
မန့်ဟီးရိုးမြို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ တစ်ခြမ်းစီ ပိုင်ဆိုင်ကြသည့် “တစ်မြို့ နှစ်နိုင်ငံ” ဟု နာမည်ထင်ရှားသော၊ တရုတ် – မြန်မာ နယ်စပ်မျဉ်း ဖြတ်သန်းသွားသော မြို့ဖြစ်ကြောင်း သိရသည်။ (Xinhua)