Connect with us

Politics, Law & Military

အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာ

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ယနေ့ မတ် ၂၃ ရက်၌ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အကြမ်းဖက်တိုက်ဖျက်မှုဥပဒေ  ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အေအေ လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအား စည်းရုံး၍ လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍ လည်းကောင်း ဒေသခံပြည်သူများကို အကာကွယ်ယူ၍ လည်းကောင်း ဒေသခံစစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နိုပ်စက်ခြင်း၊ ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ အကြမ်းဖက်လုပ်ရက်သည် အများပြည်သူ၏ လုံခြုံရေး အသက်အိုးအိမ်စည်းစိမ်ကိုလည်းကောင်း အများပြည်သူ(သို့) ပုဂ္ဂလိကအတွက်အရေးကြီးသော အခြေခံအဆောက်အအုံများကိုလည်းကောင်း၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ် အသုံးအဆောင်များကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အေအေ လက်နက်ကိုင်အဖွဲ့သည် တပ်မတော်အတွင်း မှတ်ပုံတင်ထားသော ရေယာဉ်လေယာဉ် အခြားစက်တပ်ယာဉ်များအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့ပြီး နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်အမှုများကျူးလွန်ခဲ့သည့် အေအေလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အေအေလက်နက်ကိုင်အဖွဲ့အား မတရားအသင်းအဖြစ် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။အေအေ လက်နက်ကိုင်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များ၊ ယင်းအဖွဲ့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရက်များသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းခြင်းကိုလည်းကောင်း အများပြည်သူတို့၏ အေးချမ်းသာယာရေးကို လည်းကောင်း အနှောက်အယှက် အန္တရယ်ဖြစ်စေသည်ဟု ယုံကြည်၊ယူဆသောကြောင့် နိုင်ငံတော်သမ္မတက မတရားအသင်းအက်ဥပဒေ ၁၆ အရ ယင်းအဖွဲ့နှင့် လက်အောက်ခံအဖွဲ့များအား မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅ ၊ပုဒ်မခွဲ ၂ပါ အဓိပ္ပါယ်ဖော်ပြချက်များနှင့် အညီ မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း သိရသည်။(Xinhua)