Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် ၁၄ ဦး ကယ်တင်ထားနိုင်ဟု တပ်မတော်ထုတ်ပြန်

တပ်မတော်ရဟတ်ယာဉ်ကို AA လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုအားတွေ့ရစဉ်(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် ၁၄ ဦး ကယ်တင်ထားနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။AA လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအား အမြန်ဆုံး ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား တပ်မတော် ပို့ဆောင်ရေးရဟတ်ယာဉ်များဖြင့် ဖြစ်စဉ်နှင့် အနီးဆုံးနေရာသို့ ပို့ဆောင်ပေးမှုများ အမြန်ဆုံးဆောင်ရွက်ခဲ့ကြောင်း ၊ ထိုသို့ပို့ဆောင်ရေးဆောင်ရွက်စဉ် AA လက်နက်ကိုင်အဖွဲ့များက ပို့ဆောင်ရေး ရဟတ်ယာဉ်အား စိစစ်ဆဲ လက်နက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဟတ်ယာဉ်အား ကျည်အချို့ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်မှူး  ၁ ဦးမှာ မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် AA လက်နက်ကိုင်အဖွဲ့များ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ခရီးသွားပြည်သူအချို့အား အမြန်ဆုံးပြန်လည်ရှာဖွေ ကယ်တင်နိုင်ရေးအတွက် ပို့ဆောင်ရေးရဟတ်ယာဉ်များအသုံးပြု၍ အကြမ်းဖက်သောင်းကျန်းသူများလက်မှ အမြန်ဆုံးကယ်တင်နိုင်ရေး ဆောင်ရွက်နိုင်ခဲ့မှုကြောင့် လည်းကောင်း၊ မြေပြင်မှ နှောင့်ယှက်ပစ်ခတ်သည့် AA လက်နက်ကိုင်အဖွဲ့ကို သတိပေး ပစ်ခတ်မှုကြောင့် လည်းကောင်း ယခုသတင်းရေးသားချိန်အထိ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူများအနက် ၁၄ ဦးအား နေရာအသီးသီးမှ ရှာဖွေတွေ့ရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ကျန်ရှိနေသည့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများအား  ဝေဟင်မှ ရဟတ်ယာဉ် များဖြင့်လည်းကောင်း၊ မြေပြင်ရှိ တပ်မတော်စစ်ကြောင်းများဖြင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း၍ အကြမ်းဖက်ပြန်ပေးဆွဲသူများထံမှ အမြန်ဆုံး ကယ်တင်လွတ်မြောက်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးနှင့် အရပ်သား ၁၃ ဦး စုစုပေါင်း ၅၈ ဦးအား အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက AA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်။(Xinhua)