Connect with us

Politics, Law & Military

၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေးအတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်သည်အထိ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး၊ ပါဝင် ပတ်သက်သူများအကြား ရင်ကြားစေ့နိုင်ရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

လက်ရှိ ရင်ဆိုင် ဖြေရှင်းနေရသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ဘေးကင်းလုံခြုံ အောင်မြင်စွာ ကျင်းပနိုင်ရေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

၂၀၂၀ အလွန် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃)ရပ်သော (က) ပထမလုပ်ငန်းစဉ်၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်(၂) ရပ်ကို ဒွန်တွဲ ဖော်ဆောင်ခြင်း၊ (ခ) ဒုတိယလုပ်ငန်းစဉ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် (၂)ရပ်ကို ပူးတွဲဖော်ဆောင်ခြင်းနှင့် (ဂ) တတိယလုပ်ငန်းစဉ်၊ ပထမလုပ်ငန်းစဉ်နှင့် ဒုတိယလုပ်ငန်းစဉ်မှ ထွက်ပေါ်လာသောသဘောတူညီချက်များကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃)ရပ်ကို ထိရောက်စွာ ဟန်ချက်ညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် “၂၀၂၀ အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်” ကိုလည်း အစုအဖွဲ့အသီးသီး၏ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်များတွင် ပါဝင်သူများ၏ အကြံပြုချက်၊ လက်ရှိ ဖော်ဆောင်မှု အစီအစဉ်အပေါ် လေ့လာသုံးသပ်ချက်များကို အခြေခံပြီး ၂၀၂၀ အလွန်ကာလတွင် အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအစီအစဉ်သစ် သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်၊ NCA လမ်းကြောင်းအတိုင်း UPDJC နှင့် JMC ယန္တရားများ ပိုမိုခိုင်မာအောင် အထောက် အကူပေးနိုင်ရန်၊ ဆွေးနွေးညှိနှိုင်းမှုအဆင့်ဆင့်တွင် ပါဝင်သည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် များကို ပညာရပ်ဆိုင်ရာ အထောက်အကူပြုပေးနိုင်ရန်နှင့် နိုင်ငံရေးပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ရွေးချယ်စရာနည်းလမ်းများ ရှာဖွေဖော်ထုတ်ပေးနိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်မှာ ယနေ့ဆိုလျှင် ၅ နှစ်ပြည့်မြောက်ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ကို အခြေခံပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ရန် သန္နိဋ္ဌာန် ပြုခဲ့ကြသည့်အတိုင်း NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေးခရီးကို အတူတကွ လျှောက်လှမ်းခဲ့ကြသည်မှာ (၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.