Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းပြည်ကောင်းအောင်လုပ်ဆောင်မည့် ကိုယ်စားလှယ်လောင်းများရရှိရေး ဂရုတစိုက်စိစစ်ရွေးချယ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံညီလာခံ အခမ်းအနားသို့ တက်ရောက်လာစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု စိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝခံစားနိုင်မည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

သဝဏ်လွှာထဲတွင် တပ်မတော်အနေဖြင့်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လိုအင် ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် စုစည်းညီညွတ်ခိုင်မာသည့် ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူလက်တွဲ၍ တည်ဆောက်သွားမည်ဖြစ်ပြီး အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အမိနိုင်ငံတော်၏ထာဝရငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပါဝင်ဆောင်ရွက်သွားနိုင်ရေး သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဝဏ်လွှာအတွင်း၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရမှတ်တိုင်ဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)ကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ၅ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ် ကြောင်း၊ NCA စာချုပ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဟု အမည်တွင်သော်လည်း စာချုပ်ထဲတွင်ပါဝင်ခဲ့သည့် သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုသည်ထက် ပိုမိုကျယ်ပြန့်ကြောင်း ဖော်ပြထားသည်။

NCA ၏အခြေခံမူများ၌ လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကိုစစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲနိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိ၍ ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူထားကြခြင်းဖြစ်သဖြင့် နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ နိုင်ငံရေးဆွေးနွေးမှုရလဒ်များမှတစ်ဆင့် တိုးတက်ဖြစ်ပေါ်လာသော လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သွားရမည်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

ပင်လုံစာချုပ်သည် မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ်မှုပိုမိုကျစ်လျစ်ခိုင်မာစေရေးအသိအမှတ်ပြုသည့် ပြယုဂ်ဖြစ်သကဲ့သို့ NCA သည်လည်း နှစ်ကာလများစွာကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများပပျောက်ရေး၊ ယုံမှားသံသယများပပျောက်ရေး စသည့် သမိုင်းတန်ဖိုးကိုဖော်ပြသော ပြယုဂ်ဟုသဘောထားအသိအမှတ်ပြုကာ NCA စာချုပ်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း လည်း ၄င်းက ဆိုသည်။ (Xinhua)