Politics, Law & Military
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ငွေကျပ် ၇၄၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၈၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ်လ ၄ ရက်နေ့ ၀၁း၀၀ နာရီတွင် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များ၊ ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ရွှေကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ စံပြလမ်းတွင် ရွှေကူမြို့နယ်၊ ရွှေကူလေးကျေးရွာ နေသူများဖြစ်ကြသည့် အောင်ကိုကို ၂၇ နှစ်မောင်းနှင်ပြီး ၎င်း၏အစ်မဖြစ်သူ မတင်မိုးဦး ၄၀ နှစ် စီးနင်းလိုက်ပါလာ သည့် မော်တော်ဆိုင်ကယ်နှင့် မတင်မိုးဦး၏သားဖြစ်သူ ရဲဇာနည်ထွဋ် ၁၈ နှစ် မောင်းနှင်ပြီး မသန္တာကျော် ၂၃ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ အောင်ကိုကို လွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၈၀၀ ပြား(ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၄၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူတို့အား ရွှေကူမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)