Connect with us

Politics, Law & Military

E – Government စနစ် အောင်မြင်ရန် အမျိုးသား ICT ကောင်စီ ဖွဲ့စည်း ဆောင်ရွက်မည်

ပြည်သူ့လွှတ်တော်အစည်းဝေးမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၆ ရက်

E-Government website များနှင့် mobile application များမှ တစ်ဆင့် ဌာနဆိုင်ရာ ဝန်ဆောင်မှုများနှင့် သတင်း အချက်အလက်များကို ပြည်သူတို့ရယူ သုံးစွဲနိုင်ရေးအတွက် e- Government စနစ်များ ပိုမို ထိရောက် အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးနိုင်ရေး အတွက် အမျိုးသား ICT ကောင်စီ / ဦးစီးကော်မတီ ဖွဲ့စည်း ဆောင်ရွက်မည် ဟုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“e-Government လုပ်ငန်းများအား ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့ လုပ်ပိုင်ခွင့် အခွင့် အာဏာ အပ်နှင်းထားသော အဖွဲ့အစည်း တစ်ရပ် ဖြစ်သည့် အမျိုးသား ICT ကောင်စီ/ ဦးစီးကော်မတီအား နိုင်ငံတော် သမ္မတရုံး၏ တိုက်ရိုက် ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖွဲ့စည်းသွားဖို့လိုအပ်ပါတယ်”ဒုတိယ ဝန်ကြီးက ပြောသည်။

အဆိုပါ အဖွဲ့၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော် အဆင့် မူဝါဒများ ချမှတ်ပြီး အစိုးရ အဖွဲ့အစည်းများအား လမ်းညွှန်ကြီးကြပ်၍ e-Government လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အမျိုးသား e-Government ဗဟိုဌာန၊ e-Government လုပ်ငန်းများ လုံခြုံရေးအတွက် လိုအပ်သော မူဝါဒများ ချမှတ် လမ်းညွှန်မည့် အမျိုးသား ဆိုက်ဘာ လုံခြုံရေး ဗဟိုဌာန၊ ICT သုတေသနနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဗဟိုဌာနတို့ကို ဆက်လက်ဖွဲ့စည်းသွားမည်ဟုလည်းဒုတိယ ဝန်ကြီးက ပြောသည်။
ပန်းပဲတန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေဖူးဗဆွေ၏ “e- Government စနစ်များ ပိုမို ထိရောက် အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးတို့က နှစ်ရက်တာ ထောက်ခံဆွေးနွေးခဲ့ကြအပြီး ပြန်လည် ရှင်းလင်း ပြောကြားရာတွင် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် e-Government စနစ်ကို အကောင်အထည်ဖော်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် ၂၀၁၄ ခုနှစ်တွင် e-Government master plan ရေးဆွဲခဲ့ရာ ၂၀၁၅ မတ်လတွင် မူကြမ်း ပြီးစီးခဲ့ကြောင်း၊ လက်ရှိအခြေအနေများနှင့် ကိုက်ညီစေရန် ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ပြင်ဆင် ဖြည့်စွက်ရေးဆွဲခဲ့ရာ ၂၀၁၆ သြဂုတ်လတွင် ပြီးစီးခဲ့ပြီး ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် ၂၀၁၆ စက်တင်ဘာ ၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့တင်ပြထားရှိပြီး ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြည့်စွက် ပြောခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးက ဦးနေဖူးဗဆွေ၏ အဆိုကို လက်ခံပါကြောင်း၊ ကိုယ်စားလှယ်တို့၏ ဆွေးနွေး အကြံပြုချက်များကိုလည်း မှတ်သားထားကြောင်း၊ သို့ရာတွင် e-Government စနစ်သည် ပြောင်းလဲနေသည့် IT နည်းပညာများနှင့်အညီ စဉ်ဆက် မပြတ် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် ဖြစ်သောကြောင့်လည်းကောင်း၊ ပြည်ထောင်စု အစိုးရကလည်း master plan ချမှတ်ပြီး ဆောင်ရွက်ရန် စီစဉ်နေပြီ ဖြစ်သောကြောင့်လည်းကောင်း အဆိုကိုလွှတ်တော်က မှတ်တမ်း တင်ထားသင့်ပါကြောင်း ပြောကြားခဲ့ရာ လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)