Connect with us

Social

COVID-19 တိုက်ဖျက်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံပိုင် သတင်းစာတွင် ရေးသား ဖော်ပြခဲ့သော တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၏ ဆောင်းပါး အပြည့်အစုံ

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၌ ဆောင်ရွက်လျက် ရှိသော ကိုရိုနာဗိုင်းရပ်စ်(COVID-19) တိုက်ဖျက်ရေး နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က “ရောဂါခုခံတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ရင်း တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဆက်မပြတ်ခိုင်မြဲတိုးတက်လာ” ဟူသည့် ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံပိုင် သတင်းစာများတွင် ဖေဖော်ဝါရီ ၁၇ ရက်က အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာဖြင့် ဆောင်းပါး တစ်ပုဒ် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါ ဆောင်းပါး၏ မြန်မာဘာသာ အပြည့်အစုံကို ဆင်ဟွာသတင်းဌာနမှ ထပ်ဆင့် ကူးယူ ဖော်ပြအပ်ပါသည်။

“ရောဂါခုခံတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ရင်း တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဆက်မပြတ် ခိုင်မြဲ တိုးတက်လာ”မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Haiလတ်တလောကာလတွင် တရုတ်နိုင်ငံ၌ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကူးစက်သော အဆုတ်ရောင် ရောဂါကို မြန်မာ့လူ့အဖွဲ့အစည်းက များစွာအာရုံစိုက်နေကြပါသည်။ ကျွန်တော် မကြာမီက ပေကျင်းမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာခဲ့ပါသည်။ တရုတ်နိုင်ငံ၌ရှိနေစဉ်အတွင် ကျွန်တော်သည် တရုတ်လူ့အဖွဲ့အစည်း၏ တက်ညီလက်ညီ ရောဂါခုခံတိုက်ဖျက်သည့် အခြေအနေတို့ကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရပါသည်။

ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက တရုတ်အစိုးရသည် ပြည်သူလူထု၏ အသက်လုံခြုံရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေးကို ပထမနေရာတွင် ထားရှိ၍ ဘက်စုံမှု၊ တင်းကြပ်မှု၊ ထိရောက်မှု အရှိဆုံး ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို ကျင့်သုံးကာ ရောဂါအခြေအနေ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအသီးသီးကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် ရောဂါအခြေအနေသည် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများဖြစ်ပေါ်လျက်ရှိပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသည် တက်ကြွသည့်ရလဒ်ကောင်းများ ဖြစ်ထွန်းလျက်ရှိပါသည်။ ရောဂါအခြေအနေပြင်းထန်မှုအရ ကြည့်လျှင် တရုတ်ပြည်တွင်း၌ ရောဂါဖြစ်ပွားသူများ၏ သေဆုံးနှုန်းမှာ ၂.၁% ရှိရာ ၂၀၀၉ ခုနှစ်က အမေရိကန်၌ဖြစ်ပွားသည့် Seasonal Influenza A (H1N1) ရာသီတုပ်ကွေးရောဂါ (သေဆုံးနှုန်း ၁၇.၄%) ၊ အီဘိုလာဗိုင်းရပ်စ် (သေဆုံးနှုန်း ၄၀.၄%) ၊ MERS ရောဂါ (သေဆုံးနှုန်း ၃၄.၄%) တို့ထက် များစွာလျော့နည်းပါသည်။ ဒေသဖြန့်ကြက်မှုအရကြည့်လျှင် ဟူပေပြင်ပရှိ ဒေသများ၏ ရောဂါဖြစ်ပွားသူ တိုးလာနှုန်းသည် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ တောက်လျှောက် လျော့ကျလာခဲ့ပါသည်။ ကယ်ဆယ်ကုသရေးရလဒ်ကိုကြည့်လျှင် ကုသပျောက်ကင်းနှုန်းသည် ရောဂါကြောင့်သေဆုံးနှုန်းထက် များစွာမြင့်မားသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံသည် ဤရောဂါကာကွယ်ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းကို သေချာပေါက် အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။

ဤရောဂါသည် ရုတ်တရက်ဖြစ်ပွားလာပြီး ကျွန်တော်တို့အတွက် ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပါသည်။ ကျွန်တော်သည် မိမိမြင်တွေ့သမျှ ကြားသိသမျှတို့ကို ပေါင်းစပ်၍ မြန်မာမိတ်ဆွေများထံ အမြင်တစ်ချို့ မျှဝေလိုပါသည်။

ဦးစွာအနေနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရသည် ပြည်သူလူထု၏ အသက်လုံခြုံရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေးကို များစွာအလေးထားပါသည်။ တရုတ်သမ္မတ Mr. Xi Jinping သည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ကိုယ်တိုင်လမ်းညွန်၊ ကိုယ်တိုင်စီမံခန့်ခွဲခဲ့ပါသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ တရုတ်နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင် သမ္မတ Mr. Xi Jinping သည် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို တရုတ်အစိုးရ၏ လက်ရှိအရေးကြီးဆုံးလုပ်ငန်းအဖြစ် သတ်မှတ် ဆောင်ရွက်ရန် အလေးပေးပြောကြားခဲ့ပါသည်။ ထို့နောက် Mr. Xi Jinping သည် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအစည်းအဝေးနှစ်ကြိမ် ဦးဆောင်ကျင်းပခဲ့ပြီး အောက်ခြေသို့ကွင်းဆင်းလေ့လာ၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို လေ့လာစီမံခန့်ခွဲခဲ့ပါသည်။ ဝန်ကြီးချုပ် Mr. Li Keqiang ဦးဆောင်သည့် ရောဂါထိန်းချုပ်ရေးဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဗဟိုအဆင့် ညွှန်ကြားရေးအဖွဲ့ကို ရောဂါဖြစ်ပွားသည့် အချက်အချာဒေသဖြစ်သည့် ဝူဟန့်သို့ စေလွှတ်၍ လုပ်ငန်းဆောင်ရွက် စေခဲ့ပါသည်။ တရုတ်အစိုးရ၏ အားကောင်းသည့် ခေါင်းဆောင်မှုနှင့် သိပ္ပံနည်းကျ စီမံဆောင်ရွက်မှုကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အားကောင်းသည့် အာမခံချက် ဖြစ်ထွန်းစေခဲ့ပြီး ပြည်သူတစ်ရပ်လုံးအား ယုံကြည်မှုများစွာ တိုးပွားလာစေခဲ့ပါသည်။

ဒုတိယအနေနှင့် တရုတ်နိုင်ငံသည် အမျိုးသားစနစ်၏ အားသာချက်ကို အပြည့်အဝ ဖော်ထုတ်နိုင်ခဲ့ပါသည်။ ကူးစက်သည့်ဇစ်မြစ်ကို ဖြတ်တောက်နိုင်ရန်အတွက် တရုတ်အစိုးရသည် ယခင်ကမလုပ်ဆောင်ခဲ့ဖူးသည့် လူဦးရေသိန်းရာနှင့်ချီရှိသည့် ဝူဟန့်မြို့ကြီးကို အဝင်အထွက် ပိတ်လိုက်ပြီး ဘက်စုံသော၊ အတင်းကြပ်ဆုံးသော အစီအမံများကို ကျင့်သုံးဆောင်ရွက်ခဲ့ပါသည်။ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ ဆေးဝန်ထမ်း နှစ်သောင်းကျော်သည် ဟူပေပြည်နယ်သို့ သွားရောက်အကူအညီပေးခဲ့ပြီး ပြည်နယ် ၁၉ ခုသည် “ပြည်နယ်တစ်ခုမှ မြို့တစ်မြို့ကို တာဝန်ယူကူညီပေး” သည့်နည်းလမ်းဖြင့် ဟူပေပြည်နယ်၏ ရောဂါအခြေအနေကို ကူညီကယ်ဆယ်ပေးကြသည်။ ဝူဟန့်တွင် ဟော်စန်စန်း (Huo Shen Shan) နှင့် လေစန်စန်း (Lei Shen Shan) ဆေးရုံနှစ်ရုံကို အမြန်နှုန်းဖြင့် ဆောက်လုပ်ခဲ့သည်။ ထို့ပြင် ပစ္စည်းထောက်ပံ့ရေး၊ သိပ္ပံသုတေသနပြုလုပ်ရေး၊ ဆေးကုသကယ်ဆယ်ရေး စသည့်ကဏ္ဍများ၌လည်း ယခင်ကမရှိခဲ့ဘူးသည့် ထိရောက်မြန်ဆန်သည့် နှုန်းဖြင့် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus ပြောကြားသကဲ့သို့ပင် “တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်သည် မြန်ဆန်ပြီး အင်အားကြီးမားလှရာ ကြုံတောင့်ကြံုခဲပင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အမြန်နှုန်း၊ တရုတ်နိုင်ငံ၏ အင်အား၊ တရုတ်နိုင်ငံ၏ ထိရောက်မြန်ဆန်နှုန်းကို ဖော်ပြနေပါသည်။” ဤရောဂါသည် တရုတ်နိုင်ငံ၏ စီမံအုပ်ချုပ်ရေးစနစ်နှင့် စွမ်းဆောင်ရည်ကို စမ်းသပ်သည့် စာမေးပွဲကြီးတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ အတွေ့အကြံုများကို အနှစ်ချုပ်သုံးသပ်၍ အရေးပေါ်စီမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး စသည့်နယ်ပယ်များ၌ အဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါသည်။

တတိယအနေနှင့် တရုတ်နိုင်ငံစီးပွားရေး ကောင်းမွန်သည့်အလားအလာသို့ ဦးတည်နေခြင်းသည် ပြောင်းလဲမည်မဟုတ်ပါ။ ရေတိုအနေနှင့်ကြည့်လျှင် ရောဂါအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စားသောက်ရေး၊ ဖျော်ဖြေရေး စသည့်လုပ်ငန်းများအပေါ် အမှန်တကယ်သက်ရောက်မှုရှိသည်ကို တွေ့ရပါသည်။ သို့သော် ယင်းသည် တစ်စိတ်တစ်ပိုင်း၊ ယာယီသာဖြစ်ပြီး အကန့်အသတ်ရှိပါသည်။ ရောဂါကြောင့် ပေါ်ပေါက်လာသည့် မှတ်ဉာဏ်တု (AI) ၊ အွန်လိုင်းပညာရေးနှင့် ကုသရေး စသည့် ဒီဂျစ်တယ်စီးပွားရေး လုပ်ငန်းသစ်များသည် စီးပွားရေးတိုးတက်မှုအသစ်များအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌ ရောဂါအခြေအနေမပြင်းထန်သည့် ဒေသများတွင် စီးပွားရေး၊ လူမှုရေးအခြေအနေ ပြန်လည် ကောင်းမွန်လာရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး အခွန်လျှော့ချခြင်း၊ စရိတ်လျှော့ချခြင်း၊ အကြွေးထောက်ပံ့မှု တိုးမြှင့်ခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ငန်းရှင်များ၏ လုပ်ငန်းလည်ပတ်မှုအခက်အခဲများကို လျော့နည်းစေပါသည်။ ထိုသို့ဖြင့် အလုပ်အကိုင်အခွင့်အလမ်း တည်ငြိမ်စွာထိန်းသိမ်းပြီး စနစ်တကျ လုပ်ငန်းပြန်လည် လည်ပတ်စေကာ ရောဂါအခြေအနေကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကို အနိမ့်ဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးပါသည်။ ရေလတ်အနေနှင့်ကြည့်လျှင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တဖြည်းဖြည်း ထိရောက်စွာ ဆောင်ရွက်လာနိုင်သည့်အလျောက် တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း အားကောင်းသည့် ခွန်အားများ ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။ ယင်းသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် သတင်းကောင်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါသည်။

စတုတ္ထအနေနှင့် ရောဂါသည် နယ်စည်းမခြားပါ၊ လူသားတို့သည် အေးအတူပူအမျှ အသိုက်အဝန်း ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါသည် လူသားတို့ ရင်ဆိုင်ရသည့် ဘုံစိန်ခေါ်မှု ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ ရောဂါခုခံတိုက်ဖျက်ရန် ကျင့်သုံးသည့် အားကောင်းသောအစီအမံများသည် တရုတ်ပြည်သူများကို တာဝန်ယူခြင်း ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးကို တာဝန်ယူခြင်းလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးထံ အချိန်နှင့်တပြေးညီ ဗိုင်းရပ်စ် မျိုးဗီဇအစီအစဉ် (Genome Sequence) ထုတ်ပြန်ခဲ့ပြီး များစွာပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူသည့် သဘောထားကို ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံမှအပ တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူအရေအတွက်သည် တရုတ်ပြည်တွင်း၌ ရောဂါဖြစ်ပွားသူအရေအတွက်၏ ၁% တောင်မရှိပါ။ ယင်းမှာ တရုတ်နိုင်ငံသည် အခြားနိုင်ငံများသို့ ရောဂါပျံ့နှံ့ခြင်းကို ထိရောင်စွာတားဆီးနိုင်ခဲ့သည်ကို ဖော်ပြနေပါသည်။ ထိုနည်းတူ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း တရုတ်နိုင်ငံအပေါ် ထောက်ခံအားပေးမှုများစွာ ပေးအပ်ခဲ့ပါသည်။ “တစ်သားတည်းဖြစ်ထွန်းနေတဲ့” ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ရောဂါပျံ့နှံ့မှု ကို အတူတကွ ထိရောက်စွာ ကြိုးပမ်းထိန်းချုပ်ခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံအကျိုးစီးပွားနှင့် ညီညွတ်ပါသည်။ ကျွန်တော်တို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ တစ်ဦးနှင့်တစ်ဦး နားလည်မှုပေးအပ်ကာ အမြင်ကျဉ်းမြောင်းသည့် အယူစွဲများနှင့် ခွဲခြားဆက်ဆံမှုများကို စွန့်လွှတ်ရန် လိုအပ်ပါသည်။ သူတစ်ပါးကို ဒုက္ခဖြစ်စေသည့် ကိုယ်ကျိုးစီးပွားအလွန်အမင်းကာကွယ်ခြင်းသည် မိမိဆီသို့ တန်ပြန်သက်ရောက်လာပါလိမ့်မည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping သည် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ရာ သမိုင်းဝင်ရလဒ်ကောင်းများ ဖြစ်ထွန်းခဲ့ပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် တညီတညွတ်တည်း သဘောတူညီခဲ့ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင် ပြောကြားသကဲ့သို့ပင် အေးအတူပူအမျှအသိုက်အဝန်းဆိုသည်မှာ အခက်အခဲများကို အတူကျော်ဖြတ်ပြီး အောင်မြင်မှုများကို အတူမျှဝေခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများသည် ယခုရောဂါခုခံတိုက်ဖျက်ရေး၌ တရုတ်နိုင်ငံအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးပြီး လက်တွေ့ဆောင်ရွက်ချက်ဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း၏ အနှစ်သာရကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်။ သမ္မတ ဦးဝင်းမြင့်သည် သမ္မတ Mr. Xi Jinping ထံ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့၍ “တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ယင်းအခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း” ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူပုဂ္ဂိုလ်တို့သည်လည်း စုပေါင်း၍ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ မြန်မာပြည်သူများသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီး စသည့်နေရာများတွင် တရုတ်နိုင်ငံအတွက် ဆုတောင်းပေးပြီး ဗီဒီယိုရိုက်ကူး၍ ဝူဟန့်အတွက် အားပေးစကားဆိုကြသည်။ ဤဆောင်ရွက်ချက်များသည် ကျွန်တော်တို့ကို များစွာစိတ်လှုပ်ရှားစေပါသည်။

ရောဂါသည် ယာယီသာဖြစ်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း ရည်မှန်းချက်သို့ ကြိုးပမ်းလျှောက်လှမ်းခြင်းသည် ရေရှည် ဖြစ်ပါသည်။ ရောဂါကို အတူတကွ တိုက်ဖျက်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ထပ်မံဖော်ပြနေပါသည်။ အပြန်အလှန်ဖေးမကူညီလျက်ရှိသည့် အိမ်နီးချင်းနှင့် မိတ်ဖက်အနေနှင့် ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များအကြား ထားရှိသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ ပြည်သူချင်း ကူးလူးဆက်ဆံမှုကို နက်ရှိုင်းစေပြီး ရခိုင်ပြည်နယ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့၌ မြန်မာနိုင်ငံအပေါ် ဆက်လက်ထောက်ခံအားပေးသွားမည် ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှုကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံသည် အခက်အခဲများကို အတူကျော်လွှားပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း ရည်မှန်းချက်ဆီသို့ မဆုတ်မနစ်သောခြေလှမ်းများဖြင့် ဦးတည်လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။ (Xinhua)