Connect with us

Social

မြန်မာ နိုင်ငံတစ်ဝန်းရှိကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) က သတ္တမအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးစိန်ဝင်းမှ အဖွင့်အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဆရာမကြီးဒေါ်ဇင်ခိုင် စတင်ပေးခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ ဆက်လက် ကျင်းပ ပြုလုပ်သော သတ္တမအကြိမ်မြောက်ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား၌ မြန်မာ နိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရည်ထူးချွန်ပြီးထက်မြက်ပြီး ဆက်လက် ပညာသင်ကြားရန် အခက်အခဲရှိသည့် ကျောင်းသား၊ကျောင်းသူ ၁၀၆ ဦးအား ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခဲ့ကြောင်းသိရသည်။ 

ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပခဲ့ပြီး ကျောင်းသား၊ကျောင်းသူတစ်ဦးလျှင် ငွေကျပ် ၅ သိန်း နှုန်း ဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၅၃၀ အားပေးအပ်ခဲ့ကြောင်းသိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်မှ လှူဒါန်းရခြင်း အကြောင်းရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

 မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များထံသို့ ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးစိန်ဝင်း  ပြည်နယ်၊တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များထံသို့ကျောင်းသား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ်နေစဉ် (ဆင်ဟွာ)

ဆေးတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဖြစ်သူ မမေသူနိုင်မှ ကျေးဇူးတင်စကားပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံတစ်ဝန်းရှိကျောင်းသား/သူများအတွက် သတ္တမအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မြန်မာ နိုင်ငံတစ်ဝန်းရှိကျောင်းသား/သူများအတွက် သတ္တမအကြိမ်မြောက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

 

ဆေးတက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်အုပ်စိုးပိုင် က ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှု အားဖြေကြားနေစဉ် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်  ၈ ခုရှိကျောင်းသား/သူ ၅၉ ဦးအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၉ ရက် ညပိုင်းအချိန်တွင် ရန်ကုန် မြို့ရှိ Myanmar Sport Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့၊ရန်ကုန်တိုင်း‌ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးစိန်ဝင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ပြည်နယ်၊တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၊ဒေါ်ဇင်ခိုင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း‌ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးစိန်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပညာရည်ထူးချွန် ထက်မြက်ကာ ဆက်လက် ပညာသင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသူ၊ ကျောင်းသားတွေကို ရွေးချယ်ပြီး စစ်ဆေးရေးဘုတ်အဖွဲ့များနှင့် အကြိမ်ကြိမ် အကဲဖြတ်ရွေးချယ်ပြီးမှ ထောက်ပံ့သောအစီအစဉ် ဖြစ်ကြောင်း၊ ဆရာမကြီးဒေါ်ဇင်ခိုင်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းသည် မြန်မာ-တရုတ်ချစ်ကြည်ရေးအတွက် တစ်နှစ်နှင့် တစ်နှစ်မတူဘဲ လှူဒါန်းမှုအမျိုးမျိုးတွေကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒီထက်အသက်ရှည် ကျန်းမာပြီး လှူဒါန်းနိုင်ပါစေဟု မေတ္တာပို့သကြောင်း ပြောကြားခဲ့သည်။

 မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကလည်း ယခုအကြိမ်သည် သတ္တမအကြိမ်မြောက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲဖြစ်ပြီး ကျောင်းသူ၊ကျောင်းသား စုစုပေါင်းခြောက်ရာကျော်အားထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ် နှင့် ဂုဏ်ထူးတန်း တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ကြောင်း၊ ၎င်းတို့ ပညာရေးဆုံးခန်းတိုင်သည် တိုင်အောင် ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း‌ပြောကြားခဲ့သည်။

ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းခံရသည့် ဆေးတက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်အုပ်စိုးပိုင်က “ကျွန်တော်တို့က မိဘတွေကလယ်လုပ်တာပေါ့နော်၊ တောသူတောင်သားတွေပါ၊ အခုမှအထောက်အပံ့ရတာပါ၊ ကျောင်းတက်ရတာလည်း အဆောင်လည်းနေရတယ် ကုန်ကျစရိတ်ကလည်းတော်တော်များတယ်ပေါ့နော် ၊ကျူရှင်လည်းမယူနိုင်ပါဘူး ၊အဲဒါဆိုတော့ ဒီကထောက်ပံ့တဲ့ ထောက်ပံ့ကြေးက ၅ သိန်း လို့ကြားပါတယ်ခင်ဗျာ၊ အဲဒါတော်တော် အထောက်အကူဖြစ်ပါတယ် ၊ မိဘကတစ်လကို တစ်သိန်းကျော်ထောက်ပံ့ပါတယ်၊ ဒါပေမဲ့မလောက်ဘူးပေါ့ ၊အခု ၅ သိန်းဆိုတာ တော်တော်အကျိုးရှိပါတယ် ၊ အတိုင်းမသိကျေးဇူးတင်ပါတယ်၊ နောက်ထပ်လည်း ကျွန်တော်တို့ကို ဒီလိုထောက်ပံ့ပေးပါဦး၊ မြန်မာနိုင်ငံမှာလည်း အရည်အချင်းရှိတဲ့ ကျောင်းသားတွေရှိပါသေးတယ်၊ တောဘက်တွေမှာပေါ့ ၊ အခက်အခဲတစ်ခုကြောင့် သူ့တို့ဘဝကို ပုံမှန်အတိုင်းဖြတ်သန်းနေရတဲ့ လူတွေအများကြီးရှိတယ်ပေါ့နော်၊ အခုလိုဒီလိုထောက်ပံ့ကြေး ပေးလိုက်ခြင်းအားဖြင့် သူတို့ဘဝဟာ တော်တော်တိုးတက်လာမှာပါ၊ ဆရာမကြီးကိုလည်းကျေးဇူးတင်ပါတယ်လို့ အတိုင်းမသိကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်” ဟုဆင်ဟွာသို့ပြောသည်။

ကျန်ရှိသော တိုင်း နှင့် ပြည်နယ်  ၆ခုရှိ ကျောင်းသား၊ကျောင်းသူ ၄၇ ဦးအား ဖေဖော်ဝါရီ ၂၂ ရက် တွင် မန္တလေး မြို့ ၌ အတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ဆရာမကြီးဒေါ်ဇင်ခိုင်အား ပညာသင်ကြားရေး၊အများကောင်းကျိုးဆောင်ရွက်ခြင်းနှင့်တရုတ်မြန်မာချစ်ကြည်ရေးစသည့်ဘက်များတွင်စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် “သဒ္ဓမ္မဇောတိကဓဇဘွဲ့”အား၂၀၁၃ခုနှစ်တွင် ရရှိခဲ့သည်။ ဆရာမကြီးဒေါ်ဇင်ခိုင်သည် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ် အငြိမ်းစားပါမောက္ခတစ်ဦး ဖြစ်ပြီးအသက်အားဖြင့် ၉၀ကျော် ရှိပြီ ဖြစ်ကြောင်း၊ ဆရာမကြီးဒေါ်ဇင်ခိုင်သည် ၂၀၁၃ခုနှစ်၊မတ်လ၃၀ ရက်တွင် ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေကို ထူထောင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ တက္ကသိုလ်ဝင်ဆင်းရဲနွမ်းပါးသည့်ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက်ပညာသင် ထောက်ပံ့ကြေးပေးအပ် ခဲ့ကြောင်း ၊ ယခင်အကြိမ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ချိန် များတွင်ဆရာမကြီးဒေါ်ဇင်ခိုင်၏အလှူငွေဖြင့်လုပ်ဆောင်ခဲ့ပြီးဆရာမကြီးဒေါ်ဇင်ခိုင်မှာအသက်အရွယ်နှင့်ကျန်းမာရေးအခြေအနေအရ မြန်မာနိုင်ငံသို့ လာရောက်ကာ အလှူအတန်း ပြုလုပ်ရန် ခက်ခဲ လာသဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း မှ ပညာသင် ထောက်ပံ့ကြေးပေးအပ်မှု လုပ်ငန်းစဉ် အားဆက်လက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိကျောင်းသား၊ကျောင်းသူများဆုံးခန်းတိုင်ပညာသင်ကြားရေးအတွက် ဆရာမကြီး ဒေါ်ဇင်ခိုင်ရန်ပုံငွေမှ ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ၃၀ ဦး၊၂၀၁၄ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ၁၀၇ ဦး၊၂၀၁၆ခုနှစ်တွင် တတိယအကြိမ်အဖြစ် ၁၀၇ ဦး၊၂၀၁၇ ခုနှစ်တွင် စတုတ္ထအကြိမ် အဖြစ် ၁၀၅ ဦး ၊ ၂၀၁၈ ခုနှစ် တွင် ပဉ္စမအကြိမ်အဖြစ် ၁၀၁ ဦးအား ပညာသင် ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ ဆက်လက်၍ ၂၀၁၉ ခုနှစ်တွင် ဆဋ္ဌမအကြိမ် အဖြစ် ၈၈ ဦးနှင့် ယခု ၂၀၂ဝပြည့်နှစ်တွင် သတ္တမအကြိမ်အဖြစ် ၁၀၆ ဦးအားပညာသင်ထောက်ပံ့ကြေးများပေးအပ်ခဲ့ရာ စုစုပေါင်း ၆၄၄ ဦးအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။  (Xinhua)