Latin America
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီမှုတွင် စဉ်ဆက်မပြတ် တိုးတက်မှုအသစ် ရှိခဲ့ကြောင်း သမ္မတ ရှီပြောကြား
ဝါရှင်တန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက်ပါ စာသားများအရ စဉ်ဆက်မပြတ် တိုးတက်မှုအသစ် ပြုလုပ်နိုင်ခဲ့ကြောင်း ဧပြီလ ၄ ရက်တွင် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ထံ ပေးပို့သော သဝဏ်လွှာ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
အိမ်ဖြူတော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ ယူဆောင်လာသော သဝဏ်လွှာ၌ ရှီက အပြန်အလှန်လေးစားမှု၊ သာတူညီမျှမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးများအား ထိန်းသိမ်းရန်နှင့် သဘောတူညီချက်ပါ စာသားအပေါ် ညှိနှိုင်းမှုများ ဆောလျင်စွာ အဆုံးသတ်နိုင်ရေး အပြန်အလှန် အကျိုးရှိသော ဆက်စပ်ကိစ္စရပ်များ အဖြေရှာရန် နှစ်နိုင်ငံအား တွန်းအားပေးခဲ့သည်။
လက်ရှိအခြေအနေအောက်တွင် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား၊ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများရှိ ပြည်သူများ၏ အကျိုးစီးပွားနှင့် ဆက်စပ်လျက်ရှိသည့် ကြံ့ခိုင်ပြီး တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေးမှာ လက်တွေ့၌ မဟာဗျူဟာမြောက် ဦးဆောင်မှု လိုအပ်လျက်ရှိကြောင်း ရှီက ထရမ့်အား ပြောကြားခဲ့သည်။
ထို့ပြင် ရှီက ၎င်းအနေဖြင့် နည်းလမ်းပေါင်းစုံမှတစ်ဆင့် ထရမ့်နှင့် ဆက်လက်၍ အနီးကပ် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးမှာလည်း ၎င်းတို့၏ ပူးတွဲလမ်းညွှန်မှုအောက်တွင် သစ်လွင်၍ ကြီးမားသော တိုးတက်မှုများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)