Connect with us

North America

မက္ကဆီကန်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံး

မက္ကဆီကန်ကာရေဘီယံရှိ ကမ်းခြေတွင် ရေကစားနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ ပလာယာ ဒဲလ်ကာမန်မြို့ မက္ကဆီကန် ကာရေဘီယံ အပန်းဖြေအိမ်ရာရှိ စားသောက်ဆိုင်ဘားတစ်ခုတွင် သေနတ်သမားနှစ်ဦး ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီလ ၇ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဇန်နဝါရီလ ၆ ရက် ည ၈း၀၀ နာရီဝန်းကျင်က Las Virginias စားသောက်ဆိုင်ဘားတွင် သေနတ်သမား နှစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် အပြင်မှာ အသင့်စောင့်ဆိုင်းနေသော ကားဖြင့် ထွက်ပြေးသွားခဲ့သည်။အဆိုပါ မှုခင်းဖြစ်ရပ်သည် မူးယစ်ဆေးဝါးနှင့် ဆက်စပ်နိုင်ဖွယ်ရှိကြောင်း ယင်း အပန်းဖြေအိမ်ရာ တည်ရှိရာ Quintana Roo ပြည်နယ် ရဲချုပ် အယ်လ်ဘတ်တို ကပ်ပယ်လာ (Alberto Capella) က ပြောကြားခဲ့သည်။

“အခင်းဖြစ်ပွားရာနေရာနဲ့ သဲလွန်စတွေအရ သူတို့ (ပြစ်မှုကျူးလွန်သူများ) က မူးယစ်ဆေး အရောင်းအဝယ် တစ်ခုခုလုပ်နေကြတာပါ” ဟု Televisa Network ထံ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့ကြောင်း နံနက်ခင်းသတင်းအစီအစဉ်တစ်ခုတွင် ပြသခဲ့သည်။သေဆုံးသူများအနက် ၆ ဦးက ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၇ ဦးမြောက်လူမှာမူ ဆေးရုံသွားရာလမ်းမှာ သေသွားခဲ့ကြောင်း သိရသည်။ပလာယာ ဒဲလ်ကာမန်မြို့နှင့် အနီးရှိ ကန်ကွန်မြို့သည် မက္ကဆီကိုနိုင်ငံသို့ ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်လေ့ရှိသော ထိပ်တန်းမြို့များဖြစ်သလို မူးယစ်ဆေးနှင့် ဆက်စပ်သော ပြစ်မှုများ ဖြစ်ပွားမှု မြင့်မားလေ့ရှိသည်။၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်လည်း ပလာယာ ဒဲလ်ကာမန်ရှိ နာမည်ကျော် Blue Parrot ဘား၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတွင် နိုင်ငံခြားသား ၃ ဦးနှင့် မက္ကဆီကို ၂ ဦး သေဆုံးခဲ့သေးသည်။ (Xinhua)