Connect with us

MYANMAR

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးထပ်မံတွေ့ရှိ၊ ယနေ့အထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၉၄) ဦး ထိရှိလာ

နှာခေါင်းစည်းဖြင့်သွားလာနေသူအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် ယနေ့ (သြဂုတ် ၁၉ရက်) ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦးထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်ထိမြန်မာနိုင်ငံတွင် စုစုပေါင်းအတည်ပြုလူနာ (၃၉၄) ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းပိုးတွေ့လူနာ များအနက် ၁၄ ဦး သည် အိန္ဒိယပြန်များဖြစ်ပြီး ကျန် ၁ ဦးသည် ဖိလစ်ပိုင်နိုင်ငံမှ ပြန်လာသူဖြစ်ကာ ၎င်းတို့အားလုံးသည် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက “အခု Case ၃၇၅ နဲ့ ၃၇၇ ကဒေသတွင်းကူးစက်မှုလို့ ပြောလို့ရပြီ။ ကျွန်တော်တို့ ဝန်ကြီးဌာန က ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ အတွက် အတိအကျလိုက်နာ ဆောင်ရွက်သွားပါမယ်။ ပြည်ပက ပြန်လာသူတွေ မှာ COVID-19 ရောဂါတွေ့ရှိမှုတွေရှိနေတော့ ကြောက်စိတ်ဝင်ရင် အားအဖြစ်အသုံးချပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်အတိုင်း သေချာလိုက်နာဖို့ ပြောချင်ပါတယ်’’ ဟု ဆင်ဟွာသို့ သြဂုတ် ၁၉ ရက်တွင်ပြောသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှု တွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦးရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၃) ဦးရှိလာပြီဖြစ်ကြောင်း၊  ၎င်းတို့အနက် (၃၂၉) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  

ယနေ့သြဂုတ် ၁၉ ရက် နံနက်ပိုင်တွင် ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ပြည်ပခရီးသွားရာဇဝင်မရှိသူ၊ COVID-19 ရောဂါပိုးရှိသူ နှင့် ထိတွေ့မှုမရှိသူ COVID-19ထပ်မံကူးစက်ခံရသူ ၃ ဦး တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။(Xinhua)