Connect with us

Economy

အလီဘာဘာ၏ လူလွတ်များနေ့ဈေးရောင်းပွဲတော်အတွင်း ဒေါ်လာ ၃၁ ဘီလီယံဖိုး ရောင်းချခဲ့ရ

၂ဝ၁၈ ခုနှစ် အလီဘာဘာ၏ အွန်လိုင်းတစ်ရက်တာ ဈေးရောင်းပွဲတော်နေ့ မြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကြီးဆုံး e-စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော အလီဘာဘာ(Alibaba)က တစ်ရက်တာပြုလုပ်ကျင်းပသည့်လူလွတ်များနေ့ဈေးရောင်းပွဲတော်(Singles’ Day) အတွင်း အွန်လိုင်းဖလက်ဖောင်းပေါ်မှတဆင့် ကုန်ပစ္စည်းများကို တရုတ်ယွမ်ငွေ ၂၁၃.၅ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃၀.၇ ဘီလီယံ) ဖိုး စံချိန်တင်ရောင်ချခဲ့ရကြောင်း ယနေ့နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အွန်လိုင်းပေါ်မှတဆင့် ရောင်းချရာ၌ Tmall နှင့် Taobao အပါအဝင် စုစုပေါင်း ရောင်းချခဲ့ရသောပမာဏသည် လွန်ခဲ့သော တစ်နှစ်က ၁၆၈.၂ဘီလီယံရှိခဲ့ရာမှ ၂၇ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သဖြင့် ယခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ရောင်းရငွေသည် အမြင့်ဆုံးစံချိန်တင်ပမာဏ ဖြစ်ခဲ့ကြောင်း အလီဘာဘာကဆိုသည်။

အလီဘာဘာသည် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မှစတင်ကာ နှစ်စဉ်အွန်လိုင်းအရောင်းမြှင့်တင်ရေး ပြုလုပ်ခဲ့ပြီး အဆိုပါ လူလွတ်များနေ့ (Singles’ Day) ဈေးရောင်းပွဲတော်နေ့အတွင်း မြောက်များစွာသော တရုတ်လူငယ်များက အွန်လိုင်းဈေးဝယ်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

Tmall ၏ ပထမအကြိမ် အရောင်းပွဲတော်တွင် စုစုပေါင်း ရောင်းရငွေ တရုတ်ယွမ် ၅၂ သန်းရှိခဲ့ကြောင်း နှင့် အွန်လိုင်းဈေးဝယ်သည့် စားသုံးသူများ တိုးပွားလာခြင်းနှင့်အတူ ၎င်းအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် တရုတ်နိုင်ငံ၏ အွန်လိုင်းဈေးရောင်းပွဲတော်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၇၅ နိုင်ငံ နှင့် ဒေသများမှ ပြည်ပထုတ်ကုန်အမှတ်တံဆိပ် ၁၉,ဝဝဝ ကျော် ပါဝင် ရောင်းချပေးခဲ့ကြောင်း အလီဘာဘာ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)