Connect with us

Asia

ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက နိုင်ငံတကာ အွန်လိုင်းဈေးကွက်သို့ ဝင်ရောက်ရန် တရုတ် e-commerce ကုမ္ပဏီကြီးနှင့် လက်တွဲဆောင်ရွက်မည် 

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်းပြည်နယ် ဟန်ကျိုးမြို့၌ တရုတ် e-commerce ကုမ္ပဏီကြီး ဖြစ်သော အလီဘာဘာ အမှတ်တံဆိပ်ရှေ့တွင် လမ်းလျှောက်နေကြသောသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး နှင့် သမဝါယမ ဝန်ကြီးဌာနက နိုင်ငံ နှင့် ဒေသ ၁၉၀ မှ ဝယ်ယူသူ သန်း၂၆၀ ကျော်ကို ဆွဲဆောင်ရန် ရည်ရွယ်၍ အွန်လိုင်းဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် တရုတ် e-commerce ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာအုပ်စု(Alibaba Group)နှင့် ဆွေးနွေးနေကြောင်း မီဒီယာများအား ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။ 

“အလီဘာဘာပလက်ဖောင်းပေါ်ကနေ နိုင်ငံခြား ဈေးကွက်ကို ထိုင်းလယ်ယာထွက်ကုန်ပစ္စည်းတွေကို တောင်သူလယ်သမား အဖွဲ့အစည်းတွေနဲ့ လယ်သမားတွေက ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်နိုင်ဖို့  ၊ အသေးစားနဲ့ အလတ်စား လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဝန်ကြီးဌာန အနေနဲ့ အလီဘာဘာ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်နေပါတယ်။”ဟု ဝန်ကြီးဌာန၏ အကြံပေး Alongkorn Ponlaboot က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ Suphan Buri ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် လယ်သမားတစ်ဦးက ရိတ်သိမ်းထားသည့် စပါးများကို ပြသနေမှုအား တွေ့ရစဉ်(ဆင်ဟွာ) 

ဝန်ကြီးဌာန နှင့် အလီဘာဘာ တို့သည် “ထိုင်းလယ်ယာစိုက်ပျိုးရေးက ကမ္ဘာ့ဈေးကွက်သို့ Alibaba.com နှင့်အတူ ရှေ့ဆက်သွား” ဟူ၍ စီမံကိန်းကို အစောပိုင်းတွင် အမည်ပေးခဲ့ကြောင်း ဝန်ကြီးဌာန အကြံပေး Alongkorn က ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဈေးကွက်သို့ ထိုင်းနိုင်ငံ ထုတ်ကုန်များကို ရောင်းချရန် လမ်းကြောင်း တစ်ခု အဖြစ် အလီဘာဘာ ပလက်ဖောင်းကို အသုံးပြုသည့် အောင်မြင်သော ထိုင်းလုပ်ငန်းရှင်များ ရာနှင့်ချီ၍ ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ထိုင်းလုပ်ငန်းရှင်ထက်ဝက်ကျော်သည် ၎င်းတို့၏ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များကို အလီဘာဘာပလက်ဖောင်းပေါ်သို့ တင်ကြပြီး အဆိုပါ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များတွင် ကြက်သွန်နက် နှင့် သကြားတို့မှ ထုတ်လုပ်သည့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ အပြင် ပီလောပီနံ ၊ ဆန် ၊ ကြက်သွန်နက် ၊ နာနတ်သီး ၊ ပြောင်းတို့ ပါဝင်ကြောင်း သိရသည်။ 

အလီဘာဘာကုမ္ပဏီ၏ အာရှ-ပစိဖိတ်ဌာနမှူး Stephen Kuo က ထိုင်းနိုင်ငံမှ ထုတ်ကုန် ၁၇၀,၀၀၀ ကျော်သည် ပလက်ဖောင်းပေါ်တွင် ရှိပြီးသား ဖြစ်ကြောင်း ဆိုသည်။  

“အလီဘာဘာပလက်ဖောင်းပေါ်မှာ နောက်ထပ် ထိုင်းလုပ်ငန်းရှင်အသစ်တွေကလဲ သူတို့ရဲ့ ထုတ်ကုန်တွေကို ပြသဖို့ စိတ်ဝင်စားမှုရှိနေကြပါတယ်။”ဟု Stephen Kuo က ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံ၏ ထိပ်တန်း ထုတ်ကုန် အမျိုးအစားကဏ္ဍ ၅ ခုမှာ အစားအသောက် နှင့် အဖျော်ယမကာ ၊ လယ်ယာစိုက်ပျိုးရေး ၊ အလှအပ နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများ ၊ အဝတ်အစား ၊ နေအိမ် နှင့် ဥယျာဉ်တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)