Connect with us

Science & Technology

အလီဘာဘာနှင့် BMW တို့က အင်တာနက်၊ မော်တော်ကားလုပ်ငန်းများအတွက် တီထွင်ဆန်းသစ်မှု အခြေစိုက်စခန်း ရှန်ဟိုင်းတွင် ပူးတွဲတည်ထောင်မည်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့ရှိ BMW Brilliance မော်တော်ကားလုပ်ငန်း၏ Tiexi စက်ရုံလုပ်ငန်းခွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

အလီဘာဘာအုပ်စုက ဂျာမန်ကားထုတ်လုပ်သူ BMW နှင့်အတူ တရုတ်နိုင်ငံ အင်တာနက်နှင့် မော်တော်ကားလုပ်ငန်းများအတွက် ရှန်ဟိုင်းမြို့တွင် တီထွင်ဆန်းသစ်မှုအဆောက်အအုံကို ပူးတွဲထူထောင်ရန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ခုကို ဇူလိုင် ၃ ရက်က တည်ထောင်လိုက်ကြောင်း သိရသည်။ 

ဖူတုံနယ်မြေသစ် အလယ်ပိုင်းရှိ ကျင်းချောင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန်တွင် တည်ရှိသော အဆောက်အအုံသစ်ကို Alibaba Cloud နှင့် BMW Startup Garge တို့က ပူးတွဲလုပ်ကိုင်သွားမည် ဖြစ်သည်။ 

အဆိုပါ တီထွင်ဆန်းသစ်မှု ပူးတွဲအခြေစိုက်စခန်းသည် လာမည့်သုံးနှစ်တာအတွင်း စီးပွားရေးလုပ်ငန်း ၃၀၀ ကျော်အား cloud computing ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်စနစ် ပြောင်းလဲခြင်း၊ နောက်ဆုံးပေါ် မော်တော်ကားနည်းပညာများနှင့် နည်းပညာဆိုင်ရာ သင်တန်းပေးခြင်းနှင့် အကြံပြုဆွေးနွေးခြင်း ဝန်ဆောင်မှုများနှင့် ဆက်စပ်သော နည်းပညာအရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။ 

၎င်းစခန်းရှိ စတုရန်းမီတာ ၅,၀၀၀ ကျော်ရှိသော ရုံးခန်းနေရာအား အရည်အသွေးမြင့် စီမံကိန်း ၃၀ ထက်မနည်း လုပ်ဆောင်နိုင်မည့် လုပ်ငန်းအဖွဲ့များ စတင်ရန်ဖွင့်လှစ်သွားမည် ဖြစ်သည်။ သိပ္ပံနည်းပညာ လုပ်ငန်းနှင့် စီမံကိန်းအချို့မှာ ငွေကြေးအထောက်အပံ့နှင့် ဝန်ဆောင်မှုများ ရရှိနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ 

COVID-19 ကပ်ရောဂါသည် ပြည်သူများ၏ နေထိုင်မှုအလေ့အထများကို ပြောင်းလဲပေးခဲ့သလို မော်တော်ကားလုပ်ငန်းကဏ္ဍကိုလည်း လျှပ်စစ်ဓာတ်အား အသုံးပြုပြီး အလိုအလျောက်စနစ်သုံး ဒီဂျစ်တယ်စနစ်ပြောင်းလဲခြင်း အနာဂတ်ဆီသို့ ဦးတည်လျက်ရှိသည်ဟု BMW အုပ်စု၏ တရုတ်နိုင်ငံဆိုင်ရာ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Jochen Goller က ပြောခဲ့သည်။ 

အလီဘာဘာအုပ်စု ဒုတိယဥက္ကဋ္ဌ Ren Geng က “အနာဂတ်မှာ ကားတွေက မျိုးဆက်သက် ကွန်ရက်စနစ်ရဲ့ အချက်အခြာဖြစ်လာမှာဖြစ်ပြီး ပြည်သူတွေဆီကို အတွေ့အကြုံအသစ်တွေ ဆောင်ကြဉ်းလာပေးမှာ ဖြစ်ပါတယ်။ အလီဘာဘာအနေနဲ့ BMW နဲ့အတူ ဖူတုံတွင် တီထွင်ဆန်းသစ်မှုရှိသော စီးပွားရေးလုပ်ငန်းအုပ်စုများကို ရှင်သန်စေရန် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး နည်းပညာမြင့်တွေကိုလည်း မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။ 

နိုင်ငံအဆင့် ဖွံ့ဖြိုးတိုးတက်မှုဇုန်အဖြစ် ကျင်းချောင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန်သည် တရုတ်နိုင်ငံ၏ အီလက်ထရောနစ် သတင်းအချက်အလက်နှင့် မော်တော်ကားလုပ်ငန်း၏ မြင့်မားသောနယ်ပယ်တစ်ခု ဖြစ်သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117