Connect with us

MYANMAR

ရွေးကောက်ပွဲတွင် ပြည်သူပြည်သားများ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် မဲပေးနိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း ပြောကြားစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office )

 

ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) 

အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် ပြည်သူပြည်သူများ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် ရွေးကောက်ပွဲတွင် သွားပြီးမဲပေးနိုင်ရန် စီစဉ်နေကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

“ဒီအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံက အားလုံးစုပေါင်းပြီး၊ အင်အားတွေကိုစုပြီး၊ ကိုဗစ်ကိုလည်း ကျော်လွှားရမယ်။ ရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင်ဖြစ်အောင် ကျင်းပနိုင်ရမယ်။ ဒီနှစ်ခုကို အမြဲတွဲပြီးစဉ်းစားပါတယ်။    ဘယ်လိုစဉ်းစားလဲဆိုတော့ အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ ပြည်သူပြည်သားများဟာ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲမှာ သွားပြီးမဲပေးနိုင်ဖို့ကို ကျွန်မတို့စီစဉ်ပါတယ်။ အဲဒီအတွက်လည်း သေသေချာချာ လေ့ကျင့်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ယခုအခါတွင် နိုင်ငံခြားရောက် နိုင်ငံသူ/သားများသည် သံရုံးများတွင် ကြိုတင်မဲများ ပေးနေပြီ ဖြစ်ကြောင်း ၊ ယခုဆိုလျှင် သံရုံးဌာန ၁၀ နေရာတွင် ကြိုတင်မဲများ ပေးပြီးပြီ ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။ 

“အဲဒီကြိုတင်မဲပေးနေတဲ့ အခြေအနေကလည်း အင်မတန်မှ ကျွန်မတို့အတွက် ဂုဏ်ယူစရာကောင်းတယ်လို့ ပြောနိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့  ပြည်ပရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ သူတို့နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေပါတယ်။ အင်နဲ့အားနဲ့ကိုစပြီး ကြိုတင်မဲတွေကိုပေးပါတယ်။ အခုဆိုရင် သံရုံးဌာန ၁၀ နေရာမှာ ကြိုတင်မဲတွေ ပေးလို့ပြီးပါပြီ။ ပုံစံ (၁၅) ပေါ့နော်။ နိုင်ငံခြားမှာ ကြိုတင်မဲပေးဖို့ ပုံစံ (၁၅)မှာ ဖြည့်ထားတဲ့  နိုင်ငံသူ၊ နိုင်ငံသားပေါင်းဟာ ၁၀၉၀၀၀ ကျော် ဖြစ်ပါတယ်။ အခုဆိုရင် စနေ၊ တနင်္ဂနွေမှာစပြီး ပေးလိုက်တဲ့ ကြိုတင် မဲပေါင်းဟာဆိုရင် ၁၅၀၀၀ ကျော်သွားပါပြီ။ ၁၅၉၇၁ ယောက်ထင်ပါတယ်။ အဲဒီတော့ တော်တော်ကို မြန်မြန်ဆန်ဆန်နဲ့ ကျွန်မတို့ ပြည်သူတွေဟာ တက်တက်ကြွကြွနဲ့ ကြိုတင်မဲတွေပေးနေတယ်ဆိုတာ သိရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ နိုင်ငံ့အတွက်ကျေးဇူးတင်တာပါ။ နိုင်ငံအတွက် အင်မတန်မှ သိက္ခာရှိတဲ့ကိစ္စပါ။ နိုင်ငံသားများဟာ ဘယ်နေရာရောက်ရောက် ဘယ်လိုအခြေအနေမှာပဲရှိရှိ ဒုက္ခခံပြီး နိုင်ငံသားတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တယ်ဆိုတာ ကျွန်မတို့အတွက် တစ်တပ်တစ်အားဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးသာမ တခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း Test Kit ကို စပြီးသုံးနေပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ “Mask တွေကို အထူးသဖြင့် ရန်ကုန်တိုင်းမှာပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာကတော့ ရောဂါပိုးပြန့်ပွားမှုဟာ များတဲ့ တစ်နေရာဖြစ်နေတယ်။ အဲဒီမှာ Mask တွေမတပ်ဘဲ ဈေးတွေမှာသွားတာ များလွန်းလို့၊ လူစုလူဝေးရှိတဲ့နေရာတွေ များလွန်းလို့ အခုဆိုရင် ငွေဒဏ်ရိုက်ဖို့ဆိုပြီး ဆုံးဖြတ်ပါတယ်။ အဲဒီတော့ Mask မတပ်ဘဲ ဈေးတွေ၊ လူစုလူဝေး ရှိတဲ့နေရာတွေ သွားတဲ့သူတွေကို Mask တပ်ရမယ့်နေရာတပ်ပါဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနကနေပြီး စည်းကမ်းချက် ထုတ်ထားတဲ့နေရာတွေမှာ Mask မတပ်ရင် အခုဆိုရင် စပြီးငွေဒဏ်ရိုက်မှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ငွေဒဏ်အများကြီး မရိုက်ပါဘူး။ ဒီလို ငွေဒဏ်ရိုက်တယ်ဆိုတာလည်း ပြည်သူတွေ ဒုက္ခပေးချင်လို့မဟုတ်ဘူး။ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံ တခြားနိုင်ငံများနည်းတူ စီးပွားရေးအကြပ်အတည်းတွေ ရှိတယ်ဆိုတာလည်း ကျွန်မတို့ နားလည်ပါတယ်။ ဒီလို စီးပွားရေးအကြပ်အတည်းတွေ ရှိတဲ့အချိန်မှာ ပိုပြီးတော့ ပြည်သူတွေအတွက် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ  မပေးချင်ပါဘူး။ ဒါပေမယ့်လည်း ဒါဟာအရေးကြီးတယ်ဆိုတာ နားလည်စေချင်ပါတယ်။ ဒါကြောင့် ငွေဒဏ်ရိုက်မယ်။ ငွေဒဏ်ရိုက်တဲ့ တစ်ချိန်တည်းမှာလည်း Mask တစ်ခုကိုလည်း ပေးမှာမဟုတ်ဘူး။ ဝယ်ခိုင်းမှာပါ။ ဒီငွေဒဏ်ထဲမှာ Mask တစ်ခုရဲ့တန်ဖိုးပါတယ်။ ငွေဒဏ်တော့ပေးရမယ်။ မများပါဘူး။ နှစ်ရာလို့ သတ်မှတ်ထားတယ်။ နှစ်ရာထဲမှာ ဒဏ်ရိုက်တာက (၁၅၀) ၊ Mask ဖိုးက (၅၀)ပါ။ Mask တစ်ခုလည်း ပေးပါမယ်။ အဲဒီတော့ ချက်ချင်းတပ်သွားပြီး ဒီဟာကို အလေ့အကျင့်ဖြစ်အောင် လုပ်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

ရွေးကောက်ပွဲ မဲပေးသည့် အခါတွင် ပြည်သူများ၏ လုံခြုံရေးအတွက် ယခုကတည်းက စပြီး စီစဉ်နေကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။ 

“အခုကတည်းကနေစပြီး စီစဉ်တယ်ဆိုတာ ရွေးကောက်ပွဲအထူးရဲတွေကို လေ့ကျင့်ပေးတဲ့အခါမှာလည်း အထူးရဲတွေမှာ ရောဂါပိုးရှိ၊ မရှိ အမြန်သိနိုင်တဲ့ Antigen test kit နဲ့ စစ်ပေးနေပါတယ်။ အဲဒီတော့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်းပေါ့။ ကျွန်မတို့က ပြည်သူတွေရဲ့ကျန်းမာရေး၊ ပြည်သူတွေရဲ့ လုံခြုံရေး၊ ပြည်သူတွေရဲ့ နိုင်ငံသားတာဝန် တင်မကဘူး၊ နိုင်ငံသားရဲ့ အခွင့်အရေးဖြစ်မြောက်ရေးကို အားလုံးအဖက်ဖက်ကနေကြည့်ပြီး လုပ်ဆောင်နေပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

 

မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၃၂,၈၇၅ ခုအား စစ်ဆေးခဲ့ပြီးနောက် အတည်ပြုလူနာ စုစုပေါင်း ၁၈,၇၈၁ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ စုစုပေါင်း ၄၄၄ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.