Connect with us

MYANMAR

COVID-19 ကာလတွင် အမြန်လမ်းမကြီး၌ ကုန်တင်ယာဉ်များအား အောက်တိုဘာ ၅ ရက်မှစ၍ ယာယီဖြတ်သန်းခွင့်ပြု

အောက်တိုဘာ ၅ ရက် ညပိုင်းက အမြန်လမ်းမကြီးပေါ်ဖြတ်သန်းလျက်ရှိသည့် ကုန်တင်ယာဉ်များအားတွေ့ရစဉ် (ဓာတ်ပုံ--အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊အောက်တိုဘာ၆ရက် (ဆင်ဟွာ)

COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအားလုံး သတ်မှတ်ဖြတ်သန်းခပေးဆောင်စေ၍ အောက်တိုဘာ ၅ရက်ညနေပိုင်းမှ စတင်ကာယာယီဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူးလှိုင်ဇော်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားသည်။

“အရင်ကတော့ အမြန်လမ်းမှာ ကုန်တင်ယာဉ်တွေပေးမဖြတ်ပါဘူး။ အမြန်လမ်းကြီးဥပဒေအရ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုတဲ့ယာဉ်လို့ပါတယ်။ အခုကတော့ COVID-19 ကာလဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမြန်စေဖို့ဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ကုန်ကားတွေကိုယာယီဖြတ်သန်းခွင့်ပြုတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်’’ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက် အထိအမြန်လမ်းမကြီးတွင် ကုန်တင်ယာဉ်များအား ဖြတ်သန်းခွင့်ပြုထားကြောင်းသိရသည်။အမြန်လမ်းမကြီးတစ်လျှောက် ကုန်တင်ယာဉ်များအား ခေတ္တဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြုခဲ့သည့် ညနေပိုင်း ၅ နာရီခွဲအချိန်မှ ည ၁၂ နာရီ အချိန်ထိ စုစုပေါင်း ကုန်တင်ယာဉ် (၁၇၂) စီးခန့်ဖြတ်သန်းသွားလာခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့မိုင်တိုင်အလိုက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးတွေအနေနဲ့ ဖြတ်သန်းတဲ့ယာဉ်တွေအနေနဲ့ သတ်မှတ်စည်းကမ်းများနှင့် အညီမောင်းနှင်စေဖို့အတွက် ယာဉ်အန္တရာယ်မရှိစေရေးနဲ့တပ်ဖွဲ့ဝင်များမှ သတိပေးခြင်းလှည့်ကင်းတို့ရပ်ကင်းတို့ ဆောင်ရွက်နေပါတယ်’’ဟုဒုရဲမှူးလှိုင်ဇော်ဦးကပြောသည်။

အမြန်လမ်းမကြီးတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် ကိုယ်ပိုင်ယာဉ်ငယ်များ တစ်နာရီ ၁၀၀ ကီလိုမီတာ၊ ခရီးသည်တင် Bus ကားများတစ်နာရီ ၈၀ ကီလိုမီတာ၊ Light Truck ယာဉ်များတစ်နာရီ ၆၀ ကီလိုမီတာနှင့် ကုန်တင်ယာဉ်များအားလုံးတစ်နာရီ ၆၀ ကီလိုမီတာအထိမောင်းနှင်ခွင့် ပြုထားကြောင်းသိရသည်။ (Xinhua)