Connect with us

MYANMAR

COVID-19 ကာကွယ်ဆေးများ ရရှိလာပါက ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

ကျန်းမာရေး ဝန်ထမ်းတစ်ဦးက Swab နမူနာ ရယူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ၎င်းက နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်သော မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ထို့အတူ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်  ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ထိုးနှံအသုံးပြုရန် COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်း (FDA) များ မှ တရားဝင်အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေးများ စတင်ရရှိလာသည့်အခါ ဝန်ကြီးဌာနအနေဖြင့် လူနာများကို ကိုင်တွယ်ကုသပေးနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေများပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်ထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ (application) ကို Gavi, The Vaccine Alliance ထံသို့ ယခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့အရောက် ပေးပို့နိုင်ရန်အတွက် ပြင်ဆင်ထားပြီး အချိန်မီပို့မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးအနေဖြင့် COVID-19 ကာကွယ်ဆေးကို လိုအပ်နေရာ အပြိုင်အဆိုင်ဝယ်ယူရန်ကြိုးစားလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံကာကွယ်နိုင်မှုပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်ရန်မှာ ခက်ခဲကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံအတွင်း နိုဝင်ဘာ ၂၅ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၈၃,၅၆၆ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၆၃,၃၆၆ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၈၁၀ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.