Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချေးငွေ ကန်ဒေါ်လာ သန်း ၅၀ အား ကမ္ဘာ့ဘဏ် အတည်ပြု

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ အား ကမ္ဘာ့ဘဏ်က ဧပြီ ၂၀ ရက်တွင် အတည်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ယခု အကူအညီဖြင့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်မှု အစီအစဉ်တွင် အဓိက လိုအပ်ချက်တစ်ခု ဖြစ်သည့် ဆေးရုံ များ၏ COVID-19 ရောဂါ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်မှု လုပ်ငန်းများကို အားဖြည့်သွားမည် ဖြစ်ကြောင်း ၊ ထိုမှတစ်ဆင့် ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ကျန်းမာရေးဝန်ထမ်းများအား အကာအကွယ်များ ပိုမိုပေးနိုင်မည် ဖြစ်သကဲ့သို့ 

ရောဂါကူးစက်ခံရသူများ ရောဂါဒဏ် ပြင်းထန်စွာ ခံစားရခြင်းမှ သက်သာစေရန်နှင့် သေဆုံးနှုန်း လျှော့ချနိုင်ရန် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ ၊ ကမ္ဘောဒီယား နှင့် လာအို နိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ မာရီယမ်ရှာမန်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

စီမံကိန်းသည် အဓိကအားဖြင့် သတ်မှတ်ထားသည့် ဆေးရုံများ၏ အထူးကြပ်မတ်စောင့်ရှောက်မှု ဌာနများအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရန် နှင့် ရပ်ရွာလူထုအား အသိပေးခြင်း လုပ်ငန်းများ အား တစ်နိုင်ငံလုံးတွင် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် အဓိက ရည်ရွယ်ထားကြောင်း ၊ စီမံကိန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ ရှစ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံ ၄၃ ရုံ ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းများအား အပိုင်းလိုက် ဆောင်ရွက်သွားမည် ဖြစ်ရာ အရေးပေါ်အလိုအပ်ဆုံး ဖြစ်သည့် ဒေသများ – ဥပမာအားဖြင့် လူဦးရေ ထူထပ်သည့် ဒေသများ၊ ခရီးသွားလာသူများနှင့် ရွှေ့ပြောင်း လုပ်သား အများအပြားရှိသည့် ဒေသများတွင် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ယခု စီမံကိန်းသည် ကမ္ဘာ့ဘဏ်က လက်ရှိဆောင်ရွက်လျက်ရှိသည့် အဓိက ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီစေရေး စီမံကိန်းနှင့်အတူ အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ လက်ရှိစီမံကိန်းအား ၂၀၁၅ ခုနှစ်ကတည်းက ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် စတင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုဌာန ၁၂,ဝဝဝ ကျော်အား ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း ၊ ထိုလက်ရှိ လည်ပတ်နေသည့် စီမံကိန်းမှ ရန်ပုံငွေများအား COVID-19 ရောဂါတုံ့ပြန်ရေးအတွက် သုံးစွဲလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ရောဂါ စောင့်ကြည့်ရေး လုပ်ငန်းများ နှင့် ရောဂါ ရှာဖွေရေး လုပ်ငန်းများဆောင်ရွက်ရန်၊ သံသယလူနာများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ မှန်ကန်စွာ ဖော်ထုတ်နိုင်ရန်နှင့် တင်ပြ ဆောင်ရွက်နိုင်ရန်၊ တိုင်းရင်းသား ဒေသများရှိ ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဖွဲ့များအပါအဝင် အခြေခံကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား လမ်းညွှန်ချက်များ ဖြန့်ဝခြင်းနှင့် ရပ်ရွာအတွင်း သံသယ လူနာ စောင့်ကြည့်ခြင်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ထို့အပြင် အများပြည်သူအတွက် သတင်းအချက်အလက်များ မျှဝေခြင်းလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ် ကာလအတွက် သတင်းပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ရန် စတင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)