Connect with us

MYANMAR

အလုပ်သမားများအပေါ် ကပ်ရောဂါကြောင့် ထိခိုက်မှုကို အကာအကွယ်ပေးရေးတို့အား မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခဲ့သည့် အာဆီယံ အလုပ်သမား ဝန်ကြီးများအဆင့် အထူးအစည်းအဝေးတွင် သဘောတူ

မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု၌ လုပ်ကိုင်နေသော အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၅ ရက်(ဆင်ဟွာ)

ရွှေ့ပြောင်း အလုပ်သမားများအား ၄င်းတို့ရောက်ရှိနေသော နိုင်ငံများက ကျန်းမာရေး စောင့်ရှောက်မှုပေးရေး ၊ နေရပ်ပြန် အကူအညီပေးရေး အပါအဝင် အလုပ်သမားများအပေါ် ကပ်ရောဂါကြောင့် ထိခိုက်မှုကို အကာအကွယ်ပေးရေးတို့အား မြန်မာနိုင်ငံ ပါဝင်တက်ရောက်ခဲ့သည့် အာဆီယံ အလုပ်သမား ဝန်ကြီးများအဆင့် အထူးအစည်းအဝေးတွင် သဘောတူခဲ့ကြောင်း သိရသည်။ 

“အလုပ်သမားနှင့် အလုပ်အကိုင်အပေါ် Coronavirus Disease 2019 (COVID-19) ရောဂါ သက်ရောက်မှုများကို တုံ့ပြန်ရန် အာဆီယံအလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေး”ကို မေ ၁၄ ရက်တွင် မလေးရှားနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနမှ video conference ဖြင့် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။  

အာဆီယံအလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေးအား video conference ဖြင့် ကျင်းပမှုအား တွေ့ရစဉ်(ဓာတ်ပုံ- Ministry of Labour, Immigration and Population)

အဆိုပါ အစည်းအဝေးတွင် ကြီးမားသော အန္တရာယ်ရှိသည့် ကဏ္ဍတွင်လုပ်ကိုင်နေသူများအပါအဝင် အလုပ်သမား အားလုံး၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ရပိုင်ခွင့်များရရှိရေး ၊ရောဂါကူး စက်ခံရသော အလုပ်သမား များအား ခွဲခြားမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ထိရောက်ပြီး တုံ့ပြန်မှုရှိသော နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာ လုပ်သားဈေး ကွက်မူဝါဒချမှတ်ရေး ၊ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ လူမှုရေးအဖွဲ့ အစည်းများ နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ကပ်‌ရောဂါ တုံ့ပြန် ရေးနှင့် ကပ်ရောဂါ ကာလအလွန် ပြန်လည်ထူမတ်ရေး အစီအစဉ်အတွက် အသိပညာ သုတေ သနရလဒ်နှင့် နည်းပညာအကူအညီ များမျှဝေရန် တို့ကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “အဓိကတော့ ဒီကာလမှာ မြန်မာနိုင်ငံ အနေနဲ့ အလုပ်ရှင်တွေကို ကာကွယ်ပေးဖို့ အတွက် လူမှုဖူလုံရေးကနေပြီးတော့ ဘီလီယံ ၅၀ ချေးနိုင်အောင် လုပ်ပေးတာ ၊ အခု အလုပ်သမားတွေ လူမှုဖူလုံရေး ၊ လူမှုထောက်ပံ့ရေး သဘောပေါ့။ အကူအညီဖြင့် ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ အလုပ်သမားတွေကို လစာရဲ့ ၄၀ ရာခိုင်နှုန်း ပံ့ပိုးတာ ၊ နောက်တစ်ခါ ပြန်လာတဲ့ Migrant တွေကို Quarantine လုပ်နိုင်ဖို့တို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို အဲဒီအစည်းအဝေးမှာ တင်ပြပါတယ်။ဒီအပြင်လည်း အလုပ်အကိုင် ကိစ္စရပ်တွေမှာလည်း တတ်နိုင်သမျှ ပြန်လည် အလုပ်အကိုင်ရရှိရေးတွေ ကြိုးစားပေးတဲ့ အခြေအနေတွေ ပြောတာ ရှိပါတယ်။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်သမားများ အပေါ်  COVID-19 သက် ရောက်မှုများကိုတုံ့ပြန်မည့် သက်ဆိုင်ရာမူဝါဒများ၊ အစီအစဉ်များ၊ လူမှုအထောက် အပံ့များ အထူးသဖြင့် လုပ်ခလစာ/ဝင်ငွေ၊ အလုပ်အကိုင်၊ လုံခြုံရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါကြောင့် အလုပ်သမားများ အထူးသဖြင့် ဝင်ငွေနည်းပါးပြီး ပုံမှန်မဟုတ်သော စီးပွားရေး လုပ်ငန်းများနှင့် ထိခိုက်လွယ်သော ကဏ္ဍများ တွင်လုပ်ကိုင်နေသည့် အလုပ်သမားများ၏အခွင့်အရေး၊ကျန်းမာရေး နှင့်ပတ်သက်၍ အချိန်နှင့် တပြေးညီ ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကပ်ရောဂါ၏ ရိုက်ခတ်မှု ကြောင့် အလုပ်ရပ်စဲခံနေရသည့် အလုပ်သမားများကို အလုပ်ရှင်မှ ထောက်ပံ့ကူညီ ပေးခြင်းနှင့် လူမှု‌ဖူလုံရေး အထောက်အပံ့နှင့်အလုပ်လက်မဲ့ခံစားခွင့်များထောက်ပံ့ ကူညီပေးနေ သည့် အခြေ အနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအို နိုင်ငံ၊ မလေးရှားနိုင်ငံ၊  ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ် သမားဝန်ကြီးများ၊ အဆင့်မြင့်အလုပ်သမားအရာရှိကြီးများ နှင့်အတူ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ အတွင်းရေးမှူးချုပ်  Dato Lim Jock Hoi တို့ ပါဝင်တက်ရောက်ပြီး ILO ညွှန်ကြားရေး မှူးချုပ် Mr. Guy Ryder ကလည်း ညနေပိုင်းအစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှုးချုပ်က COVID-19 ကို တိုက်ထုတ်ရာတွင်အဖွဲ့ဝင်နိုင်ငံများအကြား ကောင်းမွန် သော‌ကျင့်သုံးမှု များ၊အ‌တွေ့အကြုံများနှင့်ရရှိသော သင်ခန်းစာများအပေါ် အခြေခံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ILO မှ COVID-19 Pandemic ကိုတုန့်ပြန်ရေး အကဲဖြတ်ဆန်းစစ် ချက်ကိုကူပြီး ဆောင်ရွက်ပေးခြင်းအတွက်မိမိတို့ အာဆီယံနိုင်ငံများတွင်များစွာ အထောက်အကူ ရှိပါကြောင်း၊ မိမိတို့အာဆီယံ အနေနှင့် ILO မှ ကူညီဆောင်ရွက်ပေးမည့် “Post Pendamic  recovery Plan” ကပ်ရောဂါကာလလွန် မြောက်ပြီးနောက် ပြန်လည်ထူမတ်ရေး အစီအစဉ်ကို ရရှိနိုင်ရန် စောင့်မျှော်လျှက်ရှိကြောင်း ပြောကြားသည်။

အာဆီယံအလုပ်သမားဝန်ကြီးများက COVID-19 ကပ်ရောဂါကြောင့် အလုပ်သမားများနှင့် အလုပ်အကိုင်များ အပေါ်သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံအလိုက်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ 

ကပ်ရောဂါကြောင့် ပုံမှန်လူနေမှုဘဝပျောက်ဆုံးနေပြီး အဆိုပါအခြေအနေ၌ပင် ပုံမှန် လူနေမှုဘဝ တစ်ခုကိုကြုံတွေ့နိုင်ကာ အဆိုပါအခြေအ‌နေအရ ပိုမိုကောင်းမွန်သော အခြေအနေကို လူသား ဗဟို ပြုပြန်လည်နလန်ထူရေးအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ် ကြောင်း အဓိကထား ဆောင်ရွက် ရမည့်လုပ်ငန်း (၄) ရပ်မှာ – (၁) စီးပွားရေး ပြန်လည် အသက်ဝင်ရန်နှင့် အလုပ်အကိုင် များကို ကာကွယ်ပေးရန် တုံပြန်မှုရှိ သောငွေကြေး မူဝါဒ ချမှတ် ဆောင်ရွက်ရန်၊ (၂) အလုပ် အကိုင်ဌာနများ၊ အလုပ်အကိုင်ရရှိရေးနှင့် ပုံမှန်ဝင်ငွေပြန်လည် ရရှိရေး ထောက်ပံ့ပေးရန်၊ (၃) လုပ်ငန်းခွင် အတွင်းရှိ အလုပ်သမားများကို ကပ်ရောဂါ ပြန့်ပွားကူးစက်မှုမှ ကာကွယ်ပေးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မဖြစ်မနေပေးရမည့် ဝန်ဆောင်မှု အစီအမံများ ဆောင် ရွက်ပေး ရန်၊ (၄) ကပ်ရောဂါတားဆီးကာကွယ်ရေး အဖြေရှာရာတွင် ထိရောက်သောမူဝါဒ အစီအမံများ ချမှတ် နိုင်ရန် အတွက်သုံးပွင့်ဆိုင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုမှတဆင့်ဆောင်ရွက်ရန်၊ ဆက်လက် ၍ ILO အနေဖြင့် ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန်တွင်လည်း လိုအပ် သလို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder က ပြောကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.