Connect with us

MYANMAR

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှု ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် မေလကုန်အထိ ရက်တိုးမြှင့်သတ်မှတ် 

ရန်ကုန်မြို့ရှိ လမ်းမများပေါ်၌ ပိုးသတ်ဆေးဖြန်းနေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ တားဆီးရေး အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် မေ ၁၅ ရက်အထိ ထုတ်ပြန်ထားသော အမိန့် ၊ အမိန့်ကြေညာစာ ၊ ပြည်သူသို့ ပန်ကြားချက် ၊ ညွှန်ကြားချက်များ( ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များ မပါ)အား မေ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်သွားရန် COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ အကြောင်းကြားထားကြောင်း သိရသည်။ 

COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး  COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီအနေဖြင့်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအားလုံးသို့ သိရှိလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

“အဓိကတော့ လူစုလူဝေး မလုပ်ဖို့တို့က အဓိကလေ ။ COVID-19 ရောဂါထိန်းချုပ်ရေးကို ထပ်တိုးတာပေါ့။”ဟု လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။ 

မေလကုန်အထိ ရက်တိုးမြှင့်သတ်မှတ်ရာတွင် မပါဝင်သည့် ဖြေလျော့ပေးရန် လမ်းညွှန်ထားသော ကိစ္စရပ်များမှာ မေ ၃ ရက်တွင် အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော COVID-19 နှင့် စပ်လျဉ်း၍ စက်ရုံ ၊ အလုပ်ရုံ ၊ အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရန် ဖြည့်စွက် အသိပေး ထုတ်ပြန် ကြေငြာခဲ့သည့် အချက်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါ COVID-19 နှင့် စပ်လျဉ်း၍ စက်ရုံ ၊ အလုပ်ရုံ ၊ အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရန် ဖြည့်စွက် အသိပေး ထုတ်ပြန် ကြေငြာချက်တွင် COVID-19 ကို ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများ ၊ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် အများပြည်သူအတွက် လိုအပ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်ထားသော လုပ်ငန်းများအား ဆက်လက် ဖွင့်လှစ်သွားရန် ပါဝင်ပြီး ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ COVID-19 ကာကွယ် ၊ ထိန်းချုပ်ရေး နှင့် ပတ်သက်၍ စက်ရုံ ၊ အလုပ်ရုံများ ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များ နှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိရမည် စသည့် အချက်များ ဖော်ပြပါရှိကြောင်း သိရသည်။ (Xinhua)