Connect with us

Politics, Law & Military

ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကမ္ဘာ့ခေါင်းဆောင်များနေ့အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားစဉ် (အတိုင်ပင်ခံရုံး)

 

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

မြန်မာအစိုးရအနေဖြင့် ပြည်ပနိုင်ငံများ၌ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန်နှင့် အလုပ်သမား လိုအပ်ချက်မြင့်မားသည့် စီမံကိန်းများကို ဖော်ဆောင်ကာ ၎င်းတို့အတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

COVID-19ကူးစက်ရောဂါနှင့် ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍဆိုင်ရာ ILO ကမ္ဘာ့ထိပ်သီးအစည်းအဝေး ကာလအတွင်း ကျင်းပသည့် ကမ္ဘာ့ခေါင်းဆောင်များနေ့အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်လွယ်အုပ်စုများ၊ အလုပ်သမားများ အထူးသဖြင့် အမျိုးသမီးများအပေါ် ထိခိုက်မှုများကို ပြောကြားခဲ့ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် စီးပွားရေး လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေး ရည်မှန်းချက်နှစ်ရပ်တို့ကို ဟန်ချက်ညီညီအကောင်အထည် ဖော်ရန် လိုအပ်ကြောင်း  ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် COVID-19 ရောဂါတုံ့ပြန်ရေးအတွက် မြန်မာ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စီးပွားရေး၊ အလုပ်အကိုင်ဈေးကွက်နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအပေါ် ထိခိုက်မှုများ လျှော့ချရေး ကြိုးပမ်းမှုများကို ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံသည် ILO ၏ ရာပြည့်ကြေညာချက် (ILO Centenary Declaration) ပါ အကြံပြုချက်များ အထူးသဖြင့် အလုပ်သမားအခွင့်အရေးများ ကာကွယ်ရေးကိစ္စကို လိုက်ပါဆောင်ရွက်ရန် သန္နိဋ္ဌာန်ချ ထားကြောင်းနှင့် COVID-19ကို တုံ့ပြန်ရာတွင် ILO မှ အကြံပြုထားသည့် အဓိကမဏ္ဍိုင်(၄)ရပ်ကို အခြေခံသည့် မူဘောင်အရ ဆောင်ရွက်နေကြောင်း သိရသည်။

ကမ္ဘာ့အလုပ်အကိုင်ကဏ္ဍတွင် ရင်ဆိုင်နေရသည့် ဘုံစိန်ခေါ် မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် ထိရောက်သည့် လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.