Connect with us

Politics, Law & Military

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကျင်းပမည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဉ် (ဓာတ်ပုံ-- ACC)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကယနေ့ သတင်းထုတ်ပြန်သည်။ 

၃၁-၁၀-၂၀၀၃ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၅၈/၄ ဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းက ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ကြောင်း သိရသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၁၂ ခုနှစ်တွင် အဆိုပါကွန်ဗင်းရှင်းကို တရားဝင် အတည်ပြုခဲ့၍ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း၊  အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို အခြားကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အထိမ်းအမှတ်အခမ်းအနား ကျင်းပကြောင်း၊ အခြေခံပညာ ကျောင်းသားကျောင်းသူ များ၏ စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် တေးသရုပ်ဖော်ပြိုင်ပွဲများကိုလည်း ကျင်းပပြီး အထိမ်းအမှတ်နေ့တွင် ဆုပေးခြင်း၊ ကပြဖြေဖျော်ခြင်းများ ပြုလုပ်ပါသည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများကိုလည်း ကြည့်ရှုလေ့လာနိုင်ရန် ပြခန်းအစီအစဉ်ကိုပါ ထည့်သွင်းဆောင်ရွက်ထားကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအားလုံးတွင် ကျင်းပသွားမည် ဖြစ်ပြီး နေပြည်တော်တွင် ၉-၁၂-၂၀၁၉ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)