Connect with us

Politics, Law & Military

နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး၌ အဂတိလိုက်စားမှုသည် အဓိက ခလုတ်တံသင်း ဖြစ်ဟု ဆို

နိုင်ငံတော် သမ္မတ ဦး၀င်းမြင့် အဖွင့် မိန် ့ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

ပြည်သူလူထု အခြေပြု နည်းလမ်းများဖြင့် လျှောက်လှမ်းနေသည့် နိုင်ငံတော် ပြုပြင် ပြောင်းလဲရေးနှင့် တည်ဆောက်ရေး ခရီးလမ်းတွင် အဂတိလိုက်စားမှု ပြဿနာသည် အဓိကကျသော ခလုတ်တံသင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်က ယနေ့နေပြည်တော်တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး နေ ့အခန်းအနားတွင် ပြောကြားခဲ့သည်။

“အဂတိလိုက်စားမှုဟာ မျက်မှောက်ခေတ်မှာ နိုင်ငံများကို အများဆုံး ပျက်စီးယိုယွင်းစေတဲ့ ပြသနာ တစ်ရပ် ဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ အရင်းအမြစ်များကို လေလွင့် ဆုံးရှုံးစေခြင်း၊ စီးပွားရေးနှင့် လူမှု ရေး မမျှတမှုများကို ကျယ်ပြန် ့စေခြင်း၊ လူထုအတွင်း မကျေနပ်မှုများနှင့် နိုင်ငံရေး အစွန်းရောက်မှု များ ပေါက်ဖွားစေခြင်း၊ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှု ကျဆင်းစေခြင်းတို ့ ဖြစ်ပေါ်စေပါ တယ်” ဟုလည်း သမ္မတက ပြောခဲ့သည်။

အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ပြခန်းများ လှည့်လည် ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ထို ့အပြင် အဂတိလိုက်စားမှုသည် ပြည်သူလူထုအတွင်း မညီမျှမှုနှင့် ဆင်းရဲနွမ်းပါးမှုကို သက်ဆိုးရှည် စေကြောင်း၊ လူထု၏ ကိုယ်စိတ် ချမ်းသာမှုနှင့် ၀င်ငွေ ခွေဲ၀မှုအပေါ် ထိခိုက်စေပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို ့တွင် ညီတူညီမျှ ပါ၀င်နိုင်မှု အခွင့်အရေးကို လျော့နည်း ကျဆင်းစေကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာ၀န်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ ဌာနဆိုင် ရာ အဖွဲ ့အစည်း အသီးသီးတွင် ဂုဏ်သိက္ခာနှင့် တာ၀န်ယူနိုင်မှု မြင့်မားတိုးတက်လာရေး၊ သန် ့ရှင်း သော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ထွန်းရေး၊ နိုင်ငံတော် ပိုင် ပစ္စည်းများနှင့် ဘဏ္ဍာ ငွေများ လေလွင့် ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွား ထိခိုက်မှု မရှိစေရေး တို ့အတွက် ၂၀၁၈ တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင် ပြဌာန်းနိုင်ခဲ့ ကြောင်း၊ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူ များ ဆိုင်ရာ မြန်မာနိုင်ငံ၏ ကတိက၀တ်ကို ထပ်လောင်း အတည်ပြုကြောင်း နှင့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ကျွန်ုပ်တို ့အားလုံး စုပေါင်းညီညွတ်ကြပါစို ့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်မှ ပုဂ္ဂိုလ်များ၊ တာ၀န်ရှိသူများ၊ ပုဂ္ဂလိက အဖွဲ ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ ့အစည်းများ၊ မီဒီယာများနှင့် ပြည်သူများ အားလုံး တက်ညီ လက်ညီဖြင့် အဂတိလိုက်စားမှုကို ဆက်လက် ပူးပေါင်း တိုက်ဖျက်ကြပါစို ့ဟု အလေးအနက် ဆန္ဒပြု ပါကြောင်းလည်း နေပြည်တော် MICC II တွင် ယနေ့ပြုလုပ်သည့် (၁၆) နှစ်မြောက် အပြည်ပြည် ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ ့ အခမ်းအနား၌ သမ္မတဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ထို ့နောက် မြန်မာနိုင်ငံ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ကော်မရှင်၏ လုပ်ငန်းစဉ်များ၊ ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်း၊ ပြခန်းများ လှည့်လည် ကြည့်ရှုခြင်း တို ့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။(Xinhua)