Connect with us

Politics, Law & Military

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းကို အမှု၄မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်

တနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်လဲ့လဲ့မော်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ်မှစတင်ပြီး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဒေသကြီး တရားရုံးက ယနေ့ မေ ၂၂ ရက်၌ အမှု(၄)မှုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆင်ဟွာသို့ ပြောကြားသည်။

”  သူ ရက်ပေါင်း ၉၀ အတွင်း အယူခံဝင်ပိုင်ခွင့်ရှိပါတယ်”ဟု တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟာင်း ဒေါက်လဲ့လဲ့မော်အား  ပထမအမှု ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယအမှု လေယာဉ်ကွင်း ခြုံရှင်းရန် လုပ်ငန်းတစ်ခုတည်းအတွက် ခွင့်ပြုငွေများစွာသုံးစွဲသည့် အမှုများအတွက် ထောင်ဒဏ် ၁၀နှစ်စီချမှတ်ခဲ့ပြီး  တတိယအမှုGlobal Grand Services(GGS) ကုမ္ပဏီ သဘာဝဓာတ်ငွေ့ အကြွေး ကိစ္စ နှင့်  စတုတ္ထမှု သရက်ချောင်း အိမ်ခြံနှင့် တင်ဒါ ကိစ္စများအတွက် ၁၀နှစ် စုစုပေါင်း နှစ် ၃၀ ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးချုပ်ဟောင်းနှင့်အတူ တတိယအမှုနှင့် စတုတ္ထအမှု၌ ပါဝင်ပတ်သတ်သည့် Global Grand Services(GGS) ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး နှင့် ဒါရိုက်တာ ဦးအောင်မြတ်ကို ထောင်ဒဏ်၁၀ နှစ်စီ တစ်ပေါင်းတည်း ကျခံရန် ချမှတ်ခဲ့ပြီး GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံကို မူ ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ လဲ့လဲ့မော် မိသားစုပိုင် သရက်ချောင်းမြို့နယ်မှ နေအိမ်ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းယူလိုက်ကြောင်းယနေ့  တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ် နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ၂၀၁၉ ခုနှစ် မတ် ၁၀ရက်နေ့တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရား စွဲဆိုခဲ့ကြောင်း သိရသည်။

ပထမမှုအနေဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား သူမ၏ ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀) ကျော် ကုန်ကျခဲ့ပြီး သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုး ပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း သိရသည်။

ဒုတိယအမှုအနေဖြင့်၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး မကြာမီ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေ ကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ F-22 Sunny Construction Co.,Ltd. သို့ တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးခဲ့ရကြာင်း သိရသည်။

တတိယအမှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၆-၁၂-၂၀၁၆ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း၊ ၁-၇-၂၀၁၇ ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀၀၀) ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်းသိရသည်။

စတုတ္ထအမှုအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်သည်၎င်း၏ မိသားစု ပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၀)သိန်းကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀၀၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း၊ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာ(၄)လုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ် ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း၊ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွား ဆက်စပ်ဆောင်ရွက်သူ ဖြစ်ပြီး ကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့သည် အိမ်နှင့်မြေကို ကာလ တန်ဖိုးထက် (၆)ဆခန့် ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး၍ ဝယ်ယူခဲ့ပြီး အကျိုးအမြတ် ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း  အဂတိတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။  ( Xinhua)