Connect with us

Eastern Europe

ရုရှားနိုင်ငံ၌ ကလေးဂေဟာမီးလောင်မှုအတွင်း သေဆုံးသူ ၄ ဦးထိ ရှိလာ

ရုရှားနိုင်ငံ Khabarovsk ဒေသ၌ ကလေးဂေဟာတစ်ခုမီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအရှေ့ဖျားပိုင်း Khabarovsk ဒေသ၌ ဇူလိုင် ၂၃ ရက် အစောပိုင်းက ကလေးဂေဟာတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။

“ အခုချိန်ထိ သေဆုံးသူ ၄ ဦးရှိသွားပါပြီ” မိန်းကလေး နှစ်ယောက် နှင့် ယောက်ျားလေး တစ်ယောက် တို့မှာ ဆေးရုံသို့ရောက်ရှိပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဆေးရုံတင်ထားရသော ကလေးငယ် ၆ ဦးအနက် ၃ ဦးမှာ စိုးရိမ်ရသောအခြေအနေတွင် ရှိနေကြောင်း သိရသည်။

ရုရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ဂေဟာမီးလောင်မှုအတွင်း မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးငယ် ၇ ဦးအပါအဝင် လူပေါင်း ၁၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Khabarovsk ဒေသဆိုင်ရာ ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက် နံနက်ပိုင်း မီးစတင်လောင်ကျွမ်းချိန်တွင် ဂေဟာအတွင်း၌ ကလေးငယ် ၁၈၉ ဦး ရှိနေကြောင်း ပြောကြားခဲ့သည်။

ဂေဟာဝင်းအတွင်းရှိ အဆောင်ငယ်ပေါင်း ၂ဝ လုံးမီးကူးစက်ခဲ့ကြောင်း ၊ ဒေသတွင်း မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်မှုမပြုလုပ်နိုင်မီ အဆောင်ငယ် ၆ လုံးမှာ မီးစွဲလောင်ကျွမ်းပျက်စီးသွားခဲ့ရကြောင်း ၎င်းကဆိုသည်။

ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီက ယင်းမီးလောင်ကျွမ်းမှုမှာ ရာဇဝတ်မှုတစ်ခုနှင့်ဆက်စပ်ဖွယ်ရှိနေပြီး ၊ အချင်းဖြစ်ကိစ္စအပေါ် “ ဘက်စုံထောင့်စုံ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားရန်”ကော်မတီက အမိန့်တစ်ရပ်ထုတ်ပြန်ထားကြောင်း ဆိုသည်။(Xinhua)