Connect with us

Eastern Europe

ရုရှားနိုင်ငံ၏ ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ်က ပစိဖိတ်သမုဒ္ဒရာအတွင်း ကင်းလှည့်ပျံသန်း

ရုရှားနိုင်ငံ၏ ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ်တစ်စင်း ကင်းလှည့်ပျံသန်းနေစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ် (Tu-142 anti-submarine aircraft) နှစ်စင်းသည် ပစိဖိတ်ရေတပ်အခြေစိုက်စခန်းမှနေ၍ ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ကျော်ပျံသန်းကာ ပင်လယ်ပြင်ကင်းလှည့်လည်ထောက်လှမ်းခြင်း တစ်ခုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင်ပြောကြားခဲ့သည်။

လေယာဉ်သည် Aleutian ကျွန်း မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် နှင့် အလက်စကာ နှင့် ကနေဒါ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် အောင်မြင်စွာပျံသန်းနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနကဆက်လက်ပြောကြားခဲ့သည်။

Tu-142 လေယာဉ်များကို အမြင့်ပျံသန်းနိုင်သည့် MiG-31BM လေယာဉ် နှစ်စင်းက ထောက်ပံ့ ကူညီမှုပြုလုပ်ပေးခဲ့ကြောင်း ဝန်ကြီးဌာန၏ Zvezda ရုပ်မြင်သံကြားဌာနမှ တစ်ဆင့်ပြောကြားခဲ့သည်။

၁၃ နာရီကြာ မရပ်မနားဘဲ ပျံသန်းမှုပြုလုပ်ခဲ့ပြီးနောက် အဆိုပါ ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ်များကို လောင်စာဆီဖြည့်လေယာဉ် Il-78 ဖြင့် ကောင်းကင်ထံ၌ ဆီဖြည့်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ပစိဖိတ်ရေတပ်အုပ်စုပျံသန်းရေး လေယာဉ်များသည် လေပိုင်နက်အသုံးပြုရာတွင် နိုင်ငံတကာစည်းမျဉ်းဥပဒေအတိုင်း လုပ်ဆောင်ခဲ့ကြောင်း Zvezda က ဆိုသည်။

Tu-142 သည် ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ်ဖြစ်ပြီး Tu-95 ဗုံးကျဲလေယာဉ်ကို အခြေခံထား တီထွင်ထုတ်လုပ်ထားကာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ရှာဖွေထောက်လှမ်းရန် နှင့်ဖျက်ဆီးရန် အတွက်ဖြစ်သည်။ ထို့ပြင် ၎င်းလေယာဉ်ကို သမုဒ္ဒရာဖြတ်ကျော်ခရီးဝေးပျံသန်းမှု နှင့် ရှာဖွေရေး နှင့်ကယ်ဆယ်ရေး အစီအစဉ်များအတွက်လည်းအသုံးပြုနိုင်ကြောင်း သိရသည်။(Xinhua)