Connect with us

MYANMAR

ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသား ၁၅,၂၂၅ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့

မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာပေးစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) 

ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၅,၂၂၅ ဦးအား စက်တင်ဘာ ၁၅ ရက်အထိ ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ် များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၂၂) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ဘယ်လ်ဂျီယံမှ (၁) ဦး၊ ဘရာဇီးလ်မှ (၄) ဦး၊ အင်ဒိုနီးရှားမှ (၄)ဦး၊ အစ္စရေးမှ (၁) ဦး၊ အီတလီမှ (၄) ဦး၊ မွန်ဂိုလီးယားမှ (၃) ဦး၊ နော်ဝေမှ (၁) ဦး၊ ကိုရီးယားမှ (၇၁) ဦး၊ ဗြိတိန်မှ (၄) ဦး၊ အမေရိကန်မှ (၁၀) ဦး၊ ဗီယက်နမ်မှ (၄) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၇) ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်ချက် နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)