Connect with us

MYANMAR

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၂,၈၀၀ ဦးကျော်ကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်

ပြည်ပ နိုင်ငံများမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ) 

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက် ရှိရာ ဇွန် ၁ ရက် အထိ နိုင်ငံနှင့် ဒေသ ၂၂ ခုမှ မြန်မာနိုင်ငံသား ၂,၈၃၀ ဦးအား ပြန်လည်ခေါ်ဆောင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ နှင့် ဥပဒေရေးရာ ဦးစီးဌာနမှ ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

ထိုပြင်လာမည့်  ဂျာမဏီနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၀ မှ ၁၀၀ ဦး ကြားကိုလည်း ဇွန် ၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် သတ်မှတ်ချက် များနှင့်အညီ သီးခြားသတ်မှတ်ပေးထား သည့်နေရာ သို့မဟုတ် သတ်မှတ် ဟိုတယ်များ၌ ၂၁ ရက်တာ အသွား အလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးကြလျက် ရှိကြောင်း သိရသည်။ (Xinhua)