Connect with us

MYANMAR

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၈,၀၀၀ကျော်အား ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ထား

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသောမြန်မာနိုင်ငံသားများအားရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားပြန်လည်ခေါ်ဆောင်ပေးလျက် ရှိရာအောက်တိုဘာ ၆ ရက်အထိမြန်မာနိုင်ငံသားစုစုပေါင်း ၁၈,၁၈၃ ဦးအားကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားကိုရီးယားသမ္မတနိုင်ငံ ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် (၂၅)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာအောက်တိုဘာ ၆ ရက်တွင် မြန်မာနိုင်ငံရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၁၀၀)ဦး၊ ရုရှားဖရက်ဒရေးရှင်းမှ (၆)ဦး၊ ဂျာမနီမှ (၂)ဦး၊ နယူးဇီလန်မှ (၁)ဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း (၁၀၉) ဦးလိုက်ပါလာခဲ့ကြောင်းသိရသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၁၄)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကိုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားပြန်လည် ခေါ်ဆောင်ရန် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိမြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ (Xinhua)