Connect with us

MYANMAR

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ် စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိ

ဆူရ်ဘုန် လေဆိပ်တည်ဆောက်နေမှုအား ၂၀၁၉ ခုနှစ် အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်အား ယခုနှစ် ဇွန်လကုန်တွင် လုပ်ငန်းများ ပြီးစီးကာ စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ် နှင့် စက်မှု ဝန်ကြီး ဦးစိုးထက်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“COVID-19 ကာလမှာကို လူ ၃၀၀ ၊ ၄၀၀ လောက် လုပ်သားတွေကို မပြန်ခိုင်းဘဲနဲ့ နေ့ည ဆက်တိုက် လုပ်နေပါတယ်။ ဇွန်လကုန်လောက် ပြီးဖို့ မှန်းထားပါတယ်။ ဇွန်လကုန် ပြီးတာနဲ့ Test run လုပ်မှာပေါ့။Test run လုပ်ပြီးလို့ အဆင်ပြေပြီ ဆိုတာနဲ့ အဲဒီနောက်ပိုင်း ဆက်တိုက် လေယာဉ် ဆင်းနိုင်အောင် အဲလိုလေး မှန်းထားပါတယ်။ပြေးလမ်းရော ၊ အခြား အဆောက်အဦပိုင်း ဆိုင်ရာရော တော်တော်များများ ပြီးနေပါပြီ ။ အခုကတော့ လက်ကျန် လုပ်ငန်းလေးတွေကို လက်စသတ်နေတာပေါ့။ ကျွန်တော်တို့ ဒီလုပ်ငန်း မရပ်တန့်သွားအောင် COVID-19 ဖြစ်တဲ့ကာလမှာလည်း တောက်လျေှာက် လုပ်သားတွေ ခေါ်ပြီး ဆက်တိုက် လုပ်နေတဲ့ အတွက် ဇွန်လကုန်တော့ ပြီးမှာပေါ့။”ဟု ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီး ဦးစိုးထက်က ပြောကြားခဲ့သည်။

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရေးတို့အတွက် လေကြောင်း ဝင်ပေါက် (Gateway of Chin State Airport) တစ်ခုအနေဖြင့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့ပြီး၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

အဆိုပါ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းသည် ဖလမ်းမြို့ ၏အနောက်ဘက် ၈ ဒသမ ၅ မိုင်အကွာရှိ ဆူရ်ဘုန်တောင်ကြော၌တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀ ရှိကြောင်း နှင့် ATR 72 လေယာဉ်များဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆူရ်ဘုန်လေဆိပ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ အဓိက လေကြောင်း ဝင်ပေါက်ဖြစ်လာပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်မည့် အပြင် ဒေသထွက်ကုန်များနှင့် တိုင်းရင်းသားများအနေဖြင့်  မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)