Connect with us

MYANMAR

ယူအေအီးနိုင်ငံမှ ပြန်လာသူ ၆ဦးထံမှ COVID-19 စစ်ဆေးတွေ့ရှိ၊ ရောဂါရှိသူ စုစုပေါင်း ၁၉၉ ဦးထိ ရှိလာ

ရန်ကုန်မြို့တွင် ပြည်သူများ COVID-19 ကြိုတင်ကာကွယ်ရေးအတွက် maskတပ်ဆင် သွားလာနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ဆေးသုတေသနဦးစီးဌာန (DMR)နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ယနေ့ မေ ၂၀ ရက်၌ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာများ စစ်ဆေးခဲ့ရာ ယူအေအီးနိုင်ငံမှ ပြန်လာသူ ၆ဦးထံမှ COVID-19 ရောဂါပိုးကို စစ်ဆေးတွေ့ရှိပြီး ယခုအခါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၉ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ ယူအေအီးနိုင်ငံမှ ပြန်လာသူ အမျိုးသား ၆ ဦးသည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာ၊ ပန်းဘဲတန်း၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် အင်းစိန်မြို့နယ်များမှဖြစ်ပြီး ၎င်းတို့ ၆ဦးသည် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် (၂၀-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိလာပြီး ၎င်းတို့အနက် (၉၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)