Connect with us

MYANMAR

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံ ၂၀၀၀ကျော်ရှိရာ  သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ/အလုပ်ရုံ ၄၀၀နီးပါး ပြန်လည် ဖွင့်လှစ်ခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ စက်ရုံတစ်ခုအား အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ဆေး ရေးအဖွဲ့များ မှ ကွင်းဆင်းစစ်ဆေးဉ်(ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)

စစ်ကိုင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်ရုံ/အလုပ်ရုံ ၂၀၀၀ကျော်ရှိရာမှ မေလ ၁၅ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံ ၄၀၀နီးပါးကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီး ဦးမိုးကျော်သူက ဆင်ဟွာသို့ပြောကြားသည်။

COVID-19ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် စက်ရုံ အလုပ်ရုံများအား ယာယီပိတ်သိမ်းခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကိုက်ညီသော စက်ရုံ၊အလုပ်ရုံများအား  ဧပြီ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ရာ လက်ရှိ သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ရုံ/အလုပ်ရုံ ၃၉၄ ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပြီး ဆက်လက်ဖွင့်လှစ်ခွင့်ရရှိရန်လည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ စက်ရုံတစ်ခုအား အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ဆေး ရေးအဖွဲ့များ မှ ကွင်းဆင်းစစ်ဆေးဉ်(ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)

” သက်ဆိုင်ရာမြို့နယ်တွေမှာ စက်ရုံ၊အလုပ်ရုံတွေကို စစ်ဆေးတဲ့အဖွဲ့တွေနဲ့ သေချာစိစစ်နေပါတယ်၊ ဖွင့်လှစ်ခွင့်ရပြီးသား စက်ရုံ၊ အလုပ်ရုံတွေကိုလည်း ကျွန်တော်တို့ ထပ်မံ ရှောင်တခွင်းဝင်စစ်ဆေးတာမျိုးတွေလည်းလုပ်မှာပါ၊ သူတို့ဘက်က သတ်မှတ်ချက်ညီအောင် လုပ်မထားဘူးဆိုရင်လည်း စက်ရုံတွေပိတ်သိမ်းခိုင်းမှာပါ” ဟု ဝန်ကြီး ဦးမိုးကျော်သူက ဆိုသည်။

အဆိုပါ စက်ရုံအလုပ်ရုံများကို သွားရောက်စစ်ဆေးရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သတ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အလုံးစုံ ကိုက်ညီလျှင် ချက်ချင်းဖွင့်ခွင့်ပေးပြီး စက်ရုံအတွင်း အလုပ်သမားများ နှာခေါင်းစည်းမတပ်ဆင်ခြင်း၊ ၆ပေအကွာမနေခြင်းများရှိပါက ပြန်လည်ပြင်ဆင်ဆောင်ရွက်ခိုင်းပြီး ဖွင့်လှစ်ခွင့်ပေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် လုံးဝကိုက်ညီမှုမရှိလျှင် ဖွင့်လှစ်ခွင့်မပေးခြင်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

” အလုပ်သမားတွေကို စက်ရုံအဝင် လက်သေချာဆေးဖို့၊ စက်ရုံအတွင်း maskတပ်ဆင်ပြီး လုပ်ငန်းခွင်လာဖို့ ပြန်ဖို့တွေ၊ စက်ရုံအတွင်း လူခြားပြီးအလုပ်လုပ်ဖို့တွေ အကုန်စီစဉ်ပေးထားပါတယ်၊ လုပ်ငန်းပြန်လည်ပတ်နိုင်တော့ လုပ်သားရော အလုပ်ရှင်ရော အဆင်ပြေတာပေါ့ဗျာ”ဟု မုံရွာမြို့ရှိ ခေါက်ဆွဲစက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊အလုပ်ရုံများ အား အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ဆေး ရေးအဖွဲ့များ မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်ကိုက်ညီ၍ ပြန်လည်ဖွင့်လှစ်သင့်ကြောင်း တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း၊ မေ ၁၅ ရက်နေ့ထိ ပြန်လည်ဖွင့်လှစ်ခွင့် (၃၉၄)ခုရှိပြီး အဆိုပါ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ပြန်လည်ဖွင့်လှစ်ခွင့် အသိ အမှတ်ပြု လက်မှတ်များ အသီးသီးထုတ်ထားကြောင်း သိရသည်။  (Xinhua)