Connect with us

MYANMAR

အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ရေးအတွက် COVID-19 ဆိုင်ရာ အမျိုးသား အဆင့် ဗဟို ကော်မတီက လမ်းညွှန်ထားပြီဟု ဆို

မူလတန်းကျောင်း တစ်ကျောင်းတွင် ကလေးငယ်များ စာသင်ကြားနေသည်ကိုတွေ့ရစဥ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၆ ရက်(ဆင်ဟွာ)

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီက အခြေခံပညာ ကျောင်းများ ပြန်ဖွင့်ရေးအတွက် ပညာရေး ဝန်ကြီးဌာနအား လမ်းညွှန်ထားပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေပိုင်း ပြုလုပ်သည့် အိမ်တော် သတင်းထောက်များအား အွန်လိုင်း ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ ဖြေကြားရာတွင် ပြောကြားခဲ့သည်။

“ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ခေါ် ဆွေးနွေးထားပါတယ်၊ ဆရာ ဆရာမ၊ ကျောင်းသား မိဘနဲ့ ကျောင်းသူ ကျောင်းသားတွေ လိုက်နာရမယ့် စည်းကမ်းတွေ ရေးဆွဲဖို့ လည်း ညွှန်ကြားထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ စည်းကမ်းချက်များတွင် ကျောင်းသို့ မလာရောက်မီ နှင့် လာရောက်ချိန်၌ ကျောင်းသူ ကျောင်းသားနှင့် မိဘများ လိုက်နာရမည့် အချက်များ၊ ကျောင်းရောက်ပြီး စာသင်ချိန်တွင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ အားလပ်ချိန်၌ လိုက်နာ ရမည့် အချက်များ၊ ကျောင်းမှ အိမ်သို့ အပြန်၌ ကျောင်းသား ကျောင်းသူများနှင့် မိဘများ လိုက်နာ ရမည့် အချက်များ၊ ကျောင်းတွင် စာသင်ခန်းများ ပြင်ဆင်ရမည့် အချက်များ ဟူ၍ ငါးချက်ရှိပြီး အဆိုပါ စည်းကမ်းချက်များကို ရေးဆွဲစေကာ ပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတွင် ကလေးများ အတွက် ၎င်းတို့ တပ်ဆင်လိုသည့် အရုပ်   ပါ မျက်နှာကာ Face Shield  များ အချိန်မီ ရရှိရန် တင်ဒါစနစ်ဖြင့် ကြိုတင် ဝယ်ယူရမည်ဖြစ် ကြောင်း၊ တစ်နိုင်ငံ လုံးတွင် အခြေခံ ပညာ ကျောင်း စုစုပေါင်း ၄၈၀၀၀ ကျော်ရှိပြီး ကျောင်းသူ ကျောင်းသား ဦးရေမှာ ၉ ဒသမ ၇ သန်းကျော် ရှိသောကြောင့် ကျောင်းများတွင် COVID-19 ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းချက် များ ဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ဝယ်ယူ ပြင်ဆင်ရန် ဘတ်ဂျက်ကို တင်ပြ တောင်းခံ ခွင့်ပြုခြင်းများလည်း ကြိုတင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းများကိုသာ ပြန်လည် ဖွင့်လှစ်ရန် ညွှန်ကြားထားပြီး တက္ကသိုလ်၊ ကောလိပ် များ မပါဝင်ကြောင်းနှင့် အခြေခံပညာ ကျောင်းများအပြင် လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင် များ၊ အရောင်းဆိုင်နှင့် ဈေးများ ပြန်လည် ဖွင့်လှစ်နိုင်ရေးကိုလည်း ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာ stakeholders များနှင့် ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)