Connect with us

MYANMAR

နိုင်ငံတော်မှအကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော် ကြေညာ 

နေပြည်တော်၌ ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား မြင်ကွင်း တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19  ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှအကြမ်းဖက် ဟုသတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများ၌ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ မေ ၉ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ 

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ(၆) ရပ်အနက်မှ သဘောတူစာချုပ်များအတိုင်းကတိတည်ရန် ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ်အမြတ်မထုတ်ရန် ၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ဆိုသည့် ၄ ချက်ကို အလေးအနက်ထား လိုက်နာရန် လိုအပ်မည် ဖြစ်ကြောင်း ကြေညာမှုတွင် ဖော်ပြထားသည်။ 

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အင်အား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေးကို တာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို လည်း ကောင်း ထိခိုက်မှုမဖြစ်စေရန် တာဝန်ယူ ရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့်ကာလအတွင်း အဆိုပါ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့အရောက်အပ်နှင်းမည်ဟူသည့် သံန္နိဋ္ဌာန်အတိုင်း ဖြစ်မြောက်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ COVID-19 ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်း စဉ်များအား နိုင်ငံအရေး၊ အမျိုးသားအရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက် ပါဝင်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။ 

 

ကမ္ဘာအနှံ့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွား နေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က မတ်လ ၂၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း ၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် နိုင်ငံတော်မှ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် အဆင့်ဆင့်သော ကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကလည်း အင်တိုက်အားတိုက် ပါဝင် ကူညီဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.