Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 အတည်ပြုလူနာများ၌ တွေ့ရှိရသော ထပ်တိုးရောဂါ လက္ခဏာများ ထုတ်ပြန်

ရန်ကုန်မြို့အတွင်း COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလ၌ ပြည်သူများ သွားလာလှုပ်ရှားမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ COVID-19 အတည်ပြုလူနာများ၌ တွေ့ရှိရသော ထပ်တိုးရောဂါလက္ခဏာများကို မေ ၉ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

COVID-19 အတည်ပြုလူနာတွေကိုလေ့လာဆန်းစစ်ချက်အရ တွေ့ရှိလာသည့် ထပ်တိုးရောဂါလက္ခဏာများတွင် ယခင်ရောဂါလက္ခဏာများထဲ၌ မပါခဲ့သည့် မူးဝေအော့အန်ခြင်း ၊ ကိုယ်လက်အီမသာဖြစ်ခြင်း၊ ကြွက်သားအဆစ်အမြစ်ကိုက်ခဲခြင်း ၊ ဝမ်းလျှောခြင်းနှင့် အနံ့အရသာမရခြင်းစသည်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါလက္ခဏာတွေ့ရှိမှု အခြေအနေသည် ဖျားနာခြင်း ၇၃ ရာခိုင်နှုန်း၊ ချောင်းဆိုးခြင်း ၄၉ ရာခိုင်နှုန်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ကြွက်သားနှင့် အဆစ်အမြစ်များနာခြင်း ၁၃ ရာခိုင်နှုန်း၊ မောခြင်း ၂၁ ရာခိုင်နှုန်း၊လည်ချောင်းနာခြင်း ၁၈ ရာခိုင်နှုန်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း ၁၁ ရာခိုင်နှုန်း၊ နှာခေါင်းပိတ်၊နှာချေနှင့် နှာစေးခြင်း ၁၃ ရာခိုင်နှုန်းနှင့် အနံ့နှင့်အရသာ အာရုံခံစားမှု ပျောက်ကွယ်ခြင်း ၉ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့်  COVID-19 အတည်ပြုလူနာများ၌ တွေ့ရှိရသော ရောဂါလက္ခဏာများကို WHOနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပူးပေါင်းလေ့လာချက်(၂၈.၂.၂၀၂၀)၊  US CDCမှ ထုတ်ပြန်ချက်(၃.၄.၂၀၂၀)နှင့် မြန်မာနိုင်ငံတွင်တွေ့ရှိမှု အခြေအနေ(၉.၅.၂၀၂၀)တို့ကို ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ် ထုတ်ပြန်ထားသည်။

အဆိုပါ COVID-19 ရောဂါဖြစ်ပွားသူ လူနာတစ်ဦးသည် အထက်ဖော်ပြပါလက္ခဏာတစ်ခုခု (သို့) တစ်ခုထက်ပို၍ဖြစ်ပွားနိုင်ကြောင်း၊ ယင်းရောဂါလက္ခဏာတွေ့ရှိမှု ရာခိုင်နှုန်းများမှာ ဆက်လက်ပြောင်းလဲနိုင်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်ရောဂါလက္ခဏာများကို သိရှိစေရန်နှင့်  သိမှသာ မိမိရောဂါရှိ၊ မရှိ ခန့်မှန်းနိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။  (Xinhua)